ရန်ကုန်မြို့တွင် စက်သုံးဆီဆိုင်များ၌ ပုံမှန်အခြေအနေ အတိုင်း ဝယ်ယူရရှိနေသည်ဟု စစ်ကောင်စီက ဝါဒဖြန့်နေသော်လည်း လက်တွေ့တွင် ဆီဆိုင်တိုင်း ဆီထည့်မရသည့်အပြင် လိုသလောက်ဆီ ထည့်ခွင့်မပေး

ရန်ကုန်မြို့တွင် စက်သုံးဆီဆိုင်များ၌ ပုံမှန်အခြေအနေ အတိုင်း ဝယ်ယူရရှိနေသည်ဟု စစ်ကောင်စီက ဝါဒဖြန့်နေသော်လည်း လက်တွေ့တွင် ဆီဆိုင်တိုင်း ဆီထည့်မရသည့်အပြင် လိုသလောက်ဆီ ထည့်ခွင့်မပေး
နိုဝင်ဘာ 14, 2023 | 2021 Military Coup| အခြားဒေသများ

ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင်များတွင် ပုံမှန်အခြေအနေအတိုင်း ဝယ်ယူရရှိနေသည်ဟု အာဏာသိမ်း စစ်ကောင်စီက ဝါဒဖြန့်နေသော်လည်း လက်တွေ့တွင် စက်သုံးဆီဆိုင်တိုင်း၌ ဆီထည့်မရသည့်အပြင် လိုသလောက် ဆီထည့်၍ မရကြောင်း ကားပိုင်ရှင်များထံမှ စုံစမ်းသိရှိရသည်။



ရန်ကုန်မြို့ရှိ စက်သုံး ဆီအရောင်းဆိုင်(၁၄၆)ဆိုင်တွင် အရောင်းဆိုင်တချို့၌ ပုံမှန်ထက် စက်သုံးဆီဝယ်ယူမှု ပိုမိုမြင့်မားလာမှုကြောင့် စက်သုံး ဆီဖြည့်တင်းပေးထားသဖြင့် ပုံမှန်အခြေအနေအတိုင်း ဝယ်ယူရရှိနေသည်ဟု ဝါဒဖြန့်ထားခြင်းဖြစ်သည်။

"ရန်ကုန်မှာ မနေ့ကရော၊ ဒီနေ့ရော ကားဆီထည့်ဖို့သွားတာ ဆီဆိုင်ပတ်ရှာ နေ့ခင်းမှ အလုံကမ်းနားဘက်က Max ဆီဆိုင်မှာ ဆီထည့်လို့ရတယ်။ တစ်စီး (၅)သောင်းဖိုးပဲပေးထည့်ပေးတယ်။ လိုသ လောက်ထည့်မရဘူး။"ဟု ရန်ကုန်မြို့နေ ကားပိုင်ရှင်တစ်ဦးက Tachileik News Agency သို့ နိုဝင်ဘာလ(၁၄)ရက်နေ့တွင် ပြောသည်။



စစ်ကောင်စီဘက်ကမူ သီလဝါဆိပ်ကမ်းမှ စက်သုံးဆီတင်ယာဉ် (၃၄၄)စီး ဖြင့် 92 Ron ဂါလန်(၄)သိန်းကျော်၊ 95 Ron ဂါလန် တစ်သိန်း ကျော်၊ ဒီဇယ်ဂါလန်(၁၇၀,၀၀၀)ကျော်နှင့် ပရီမီယမ်ဒီဇယ် ဂါလန် (၂၇၀,၀၀၀)ကျော်ကို နိုဝင်ဘာလ(၁၁)ရက်နေ့တွင် ဖြန့်ဖြူးပေးခဲ့သည်ဟု ဆိုသည်။

နိုဝင်ဘာလ(၁၂)ရက်နေ့တွင် ဆီတင်ယာဉ် (၂၆၈)စီးဖြင့် 92 Ron ဂါလန်(၃)သိန်းကျော်၊ 95 Ron ဂါလန် (၇၅,၀၀၀)ကျော်၊ ဒီဇယ်  ဒီဇယ်ဂါလန် (၁၃၀,၀၀၀) ကျော်နှင့် ပရီမီယမ်ဒီဇယ် ဂါလန် (၂၃၀,၀၀၀)ကျော်ကို ဖြန့်ဖြူးပေးခဲ့သည်ဟုလည်း ဆိုသည်။

"တောင်ဒဂုံ စက်မှုဇုံလည်းခြောက်ကပ်နေတယ်။ ဘဏ်တွေမှာလည်း လူတွေငွေထုတ်နေကြတယ်။ ကျွန်တော်လည်း ထုတ်မယ်လုပ်တော့ KBZ (၄၊ ၅) ဘဏ်လောက်ရောက်တယ် ATM စက်ထဲငွေမရှိ စက်ပျက်တယ်ပြောတယ်။ AYA ရဲ့ ATM စက်လိုက်ရှာထုတ် သူလည်း ထိုနည်း၎င်းပဲ။ နောက်ဆုံး မြို့တော်ခန်းမဘေးက Main မှာဘဲထုတ်လို့ရတယ်။ ဘဏ်စာအုပ်နဲ့ဆိုထုတ်လို့ရတယ်။ ငွေထုတ်သူကများတော့ တန်းစီကြရတယ်။  ကားဆီထည့်ဖို့ တန်းစီတော့ ဖြတ်ကျော်ကားတွေနဲ့ တန်းစီကားတွေနဲ့စကားများကြပြီး တုတ်တွေ ဒါးတွေဆွဲ ကြတဲ့အထိ ဖြစ်ကြပြန်တယ်။ "ဟု ကားသမားတစ်ဦးက ပြောသည်။

အာဏာသိမ်း စစ်ကောင်စီနှင့် ပတ်သက် သက်ဆိုင်သည့် ဆီဆိုင်များတွင်ပင် ဆီကို လိုသလောက်မရဘဲ ကျပ် (၅)သောင်ဖိုးသာ အများဆုံးရောင်းပေးပြီး ဆီထည့်ရန် အချိန်ပေးနေရသည်ဟုလည်း သိရသည်။