ဗန်းမောက်မြို့နယ်အတွင်း တိုက်ပွဲမရှိဘဲ ဆေးရုံ(၂)ရုံ နှင့် ထန်ထမ်းအိမ်ရာတို့ကို အာဏာသိမ်းစစ်တပ်က လေကြောင်းဖြင့် တိုက်ခိုက်၊ ပြည်သူ(၁)ဦး သေကာ (၅)ဦးအထက် မနည်း ဒဏ်ရာရ

ဗန်းမောက်မြို့နယ်အတွင်း တိုက်ပွဲမရှိဘဲ ဆေးရုံ(၂)ရုံ နှင့် ထန်ထမ်းအိမ်ရာတို့ကို အာဏာသိမ်းစစ်တပ်က လေကြောင်းဖြင့် တိုက်ခိုက်၊ ပြည်သူ(၁)ဦး သေကာ (၅)ဦးအထက် မနည်း ဒဏ်ရာရ
အောက်တိုဘာ 22, 2022 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်အတွင်း ဗန်းမောက်မြို့နယ်အတွင်း ဆေးရုံ(၂)ရုံ နှင့် ဝန်ထမ်းအိမ်ရာ အပါအဝင် ခန်းမတို့ကို အာဏာသိမ်းစစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တိုက်လေယာဉ်ဖြင့် ဗုံးကြဲပစ်ခတ် တိုက်ခိုက်သည့်အတွက်  တစ်ဦးသေပြီး ကလေးငယ်များ အပါအဝင် (၅)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

၂၀၂၂ခုနှစ် အောက်တိုဘာလ(၂၁)ရက်နေ့က ဗန်းမောက်မြို့နယ်အတွင်း မံယူးကြီးကျေးရွာရှိ ကိုယ်ထူကိုယ်ထ ပြည်သူ့ဆေးရုံ နှင့် ကြောင်လည်ကျေးရွာရှိ ပြည်သူ့ ဆေးရုံ၊ ဝန်ထမ်းအိမ်ရာ အပါအဝင် ခန်းမတို့ကို အာဏာသိမ်းစစ်တပ်က လေကြောင်းဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား၍ ဗုံးကြဲ၊ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

လေယာဉ်ဖြင့် ဗုံးကြဲ၊ ပစ်ခတ် တိုက်ခိုက်မှုများကြောင့်  မံယူးကြီး ကျေးရွာတွင် ကိုယ်ထူကိုယ်ထ ပြည်သူ့ဆေးရုံတစ်ခုလုံး ရစရာ မရှိအောင် ပျက်စီးဆုံးရှုံးခဲ့ရုံမျှမက အပြစ်မဲ့ပြည်သူဖြစ်သည့် အသက်(၄၅)နှစ်အရွယ် ဒေါ်ခင်မာချို သေဆုံးခဲ့ရပြီး   ကလေးငယ်များ အပါအဝင်  (၅) ဦးထက်မနည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း နှင့်  နေအိမ် (၅) လုံးလည်း မီးလောင်ပျက်စီးခဲ့ကြောင်း NUG ၏ ကျန်းမာရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။



အာဏာသိမ်းစစ်တပ်သည် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်နေ့ ၂၀၂၂ခုနှစ် ဩဂုတ်လ(၃၁)ရက်နေ့အထိ ကျန်းမာရေးဝန်ထမ်း (၅၈)ဦး ကို နှိပ်စက်သတ်ဖြတ်ခဲ့ပြီး ကျန်းမာရေးဝန်ထမ်း (၇၀၀)ကျော်ကို ဖမ်းဆီးညှဉ်းပန်းသည့်အပြင် ဆေးရုံနှင့်ဆေးခန်း အပါအဝင် လူနာတင်ယာဉ် (၄၀)ကျော်ကို တိုက်ခိုက်ဖျက်ဆီးခဲ့သည်ကို တွေ့ရှိရသည့်အတွက် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်၎င်း၏ စစ်တပ်တို့၏ အကြမ်းဖက်မှုများကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနက ပြင်းထန်စွာ ရှုတ်ချလိုက်ပြီး နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် ဖြစ်နိုင်သည့် နည်းလမ်းမှန်သမျှဖြင့် ထိရောက်စွာ တားဆီးအရေးယူ ဆောင်ရွက်ကြရန် တိုက်တွန်းထားသည်။

#TachileikNewsAgency

Photo: NUG