တိုက်လေယာဉ်ပျက်ကျကြောင်း စစ်ကောင်စီဝန်ခံ 

တိုက်လေယာဉ်ပျက်ကျကြောင်း စစ်ကောင်စီဝန်ခံ 
နိုဝင်ဘာ 11, 2023 | 2021 Military Coup| ကယား

ကရင်နီ(ကယား)ပြည်နယ်၌ စစ်ကောင်စီလေယာဉ်တစ်စီး ယနေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၁၁)ရက်နေ့ ညနေပိုင်းတွင် ပျက်ကျသွားကြောင်း စစ်ကောင်စီဘက်က ဝန်ခံပြောဆိုလာသည်။

ကရင်နီတော်လှန်ရေးတပ်များဘက်ကမူ စစ်ကောင်စီတပ်၏ တိုက်လေယာဉ်တစ်စီးအား ပစ်ချနိုင်ခဲ့ပြီး လေယာဉ်မှူးနှစ်ဦး လွတ်မြောက်သွားကြောင်း သတင်းထုတ်ပြန်ထားသော်လည်း စစ်ကောင်စီဘက်ကမူ စက်ချို့ယွင်းခြင်းကြောင့် ပျက်ကျခြင်းဖြစ်သည်ဟု တုံ့ပြန်ပြောဆိုသည်။

"ဒီနေ့ညနေပိုင်းမှာ ကယားပြည်နယ်ဘက်မှာ လေ့ကျင့်ရေး အပေါ့စားတိုက်ခိုက်ရေးလေယာဉ်တစ်စီး စက်ချို့ယွင်းမှုကြောင့် ပျက်ကျခဲ့တာရှိတယ်။ လေယာဉ်မှူးနဲ့ တွဲဖက်လေယာဉ်မှူးကို ဆက်သွယ်မှု ရရှိပြီဖြစ်ပါတယ်။"ဟု စစ်ကောင်စီတပ်ဘက်က ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ၎င်းတို့ပိုင် မီဒီယာများတွင်ဖြေကြားထားသည်။

ထို့အပြင် လွိုင်ကော်မြို့အား (၃)နေရာမှ တော်လှန်ရေးတပ်များက ယမန်နေ့ ညပိုင်းမှစတင်ကာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ယနေ့ညနေပိုင်းတွင် ပြန်ဆုတ်သွားသည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောဆိုပြီး ၎င်းတို့ တပ်သားများ ဖမ်းဆီးခံရခြင်း၊ သေဆုံးခြင်းနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းခံရခြင်းကိုမူ ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိပါ။

ကရင်နီ(ကယား)ပြည်နယ် ဒီးမောဆိုမြို့နယ်ရှိ နန်းမယ်ခုံမြို့ရှိ စစ်ကောင်စီတပ်စခန်းများအပါအဝင် မိုးဗြဲမြို့နှင့် လွိုင်ကော်မြို့နယ် အတွင်းရှိ စစ်ကောင်စီတပ်စခန်းများအား တိုက်ခိုက်ခဲ့ရာ စခန်းပေါင်း(၇)ခု သိမ်းပိုက်ရယူနိုင်ခဲ့သည်ဟု KNDFဗဟိုက ယနေ့ ညပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။

စခန်းသိမ်းတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များထံမှ လက်နက်ကြီး၊ လက်နက်ငယ်မျိုးစုံ (၁၀၀)ခန့်နှင့် ခဲယမ်းကျည်ဆံများစွာကိုလည်း သိမ်းဆည်းရရှိခဲ့သည်ဟုလည်း ထုတ်ပြန်ထားသည်။

#TachileikNewsAgency