မိုးညှင်းမြို့နယ်အတွင်း အင်ကွယ်ရွာတွင် စစ်ကောင်စီတပ်နှင့် KIA ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပြီး အထိနာသည့် စစ်ကောင်စီတပ်က ရွာကို မီးရှို့သွား

မိုးညှင်းမြို့နယ်အတွင်း အင်ကွယ်ရွာတွင် စစ်ကောင်စီတပ်နှင့် KIA ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပြီး အထိနာသည့် စစ်ကောင်စီတပ်က ရွာကို မီးရှို့သွား

 ကချင်ပြည်နယ်အတွင်း မိုးညှင်းမြို့နယ်၊ အင်ကွယ်ရွာတွင် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် KIA ပူးပေါင်း PDF တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပြီး အထိနာသည့် စစ်ကောင်စီတပ်သည် ရွာမီးရှို့ကာ ပြန်လည်ဆုတ်ခွါသွားကြောင်း သိရသည်။

၂၀၂၃ခုနှစ်၊ မေလ(၂၉)ရက်နေ့က မိုးညှင်းမြို့နယ်၊ နန့်ရင်းချောင်း အရှေ့ဘက်ရှိ အင်ကွယ်ကျေးရွာကို ပစ်ခတ်ဝင်ရောက်လာကာ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကြောင့် ဒေသခံများ တိမ်းရှောင်ခဲ့ရပြီးနောက် ရွာအတွင်းတိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"တိုက်ပွဲတွေ ဖြစ်နိုင်ပါသေးတယ်။ ကျွန်တော်တို့ဒေသမှာ တိုက်ပွဲတွေ မကြာခဏဖြစ်နေပါတယ်။ အခုလိုမျိုး ပြည်သူတွေနေထိုင်နေတဲ့ ကျေးရွာထဲမှာဖြစ်တာကတော့ ပထမဆုံးအကြိမ်ပါ။ ဒါကလည်း သူတို့ဘက်ကအရင် စစ်ကြောင်းထိုးလို့ ဖြစ်ရတာပါ။"ဟု မိုးညှင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က Tachileik News Agency ကို ဇွန်လ(၂)ရက်နေ့တွင် ပြောသည်။

စစ်ကောင်စီတပ်နှင့် ပူးပေါင်းတပ်များ ကျေးရွာအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တစ်နေကုန် တိုက်ပွဲဖြစ်ပွားခဲ့ပြီး‌နောက် စစ်ကောင်စီတပ်များ အထိနာကာ ဆုတ်ခွါသွားခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်ဘက်က သေဆုံးစာရင်းကို အတည် မပြုနိုင်သော်လည်း ပူးပေါင်းတပ်မှ ရဲ ဘော်(၁)ဦးကျဆုံးပြီး (၃)ဦးဒဏ်ရာ ရရှိခဲ့သည်ဟု မိုးညှင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ဇွန်လ(၂)ရက်နေ့တွင် သတင်း ထုတ်ပြန်ထားသည်။

အထိနာကာ ဆုတ်ခွါသွားသည့် စစ်ကောင်စီတပ်သည် ကျေးရွာအတွင်းရှိ နေအိမ်(၁၀)လုံးကျော်ကို မီးရှို့ဖျက်ဆီးသွားပြီး စစ် ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကြောင့် အိမ်မွေးတိရိစ္ဆာန်များ သေဆုံးခဲ့ရသည်ဟု သိရသည်။

မိုးညှင်းမြို့နယ်အတွင်း စစ်ရေးတင်းမာနေသဖြင့် စစ် ကောင်စီတပ်များ ဖြတ်သန်းသွားသည့် လမ်းတလျောက်ရှိရွာများ ကြိုတင်ပြောင်းရွေ့ထားကြရန်လည်း မိုးညှင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးထားသည်။

လက်ရှိတွင် စစ်ကောင်စီတပ်ကြောင့် အင်ကွယ်ရွာအပြင် အနီးအနားရှိ လက်ပံတန်းရွာနှင့် နန်မားမြို့အနီးတစ်ဝိုက်ရှိ ကျေးရွာတချို့မှ ဒေ သခံများ တိမ်းရှောင်နေကြရသည်ဟု သိရသည်။