ကယားပြည်နယ်တွင် သွေးလွန်တုပ်ကွေးဖြစ်ပွားသူ (၂၁၂)ဦးရှိနေပြီး ယခင်နှစ်များထက် ဖြစ်ပွားမှု များလာ

ကယားပြည်နယ်တွင် သွေးလွန်တုပ်ကွေးဖြစ်ပွားသူ (၂၁၂)ဦးရှိနေပြီး ယခင်နှစ်များထက် ဖြစ်ပွားမှု များလာ
သြဂုတ် 18, 2020
By Tachileik News Agency
ကယားပြည်နယ်တွင် သွေးလွန်တုပ်ကွေးဖြစ်ပွားသူ (၂၁၂)ဦးရှိနေပြီး ယခင်နှစ်များထက် ဖြစ်ပွားမှု များလာ
ကယားပြည်နယ်တွင် ၂၀၂၀ ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လ (၁၈) ရက်နေ့အထိ  သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ (၂၁၂) ဦးရှိနေပြီး  ယခင်နှစ်များထက် ရောဂါဖြစ်ပွားမှုနှုန်း ပိုများလာကြောင်း သိရသည်။
“ဒီ (၂၁၂)ထဲမှာ ရောဂါအဆင့်အနေနဲ့ ပထမအဆင့် သွေးလွန်တုပ်ကွေးဖြစ်ခါစ သိပ်ပြီးတော့မဆိုးတဲ့ အဆင့်အနေနဲ့က (၁၇၃)ဦး ရှိပြီးတော့ နည်းနည်းလေးပိုပြီးတော့ ပြင်းလာတဲ့ အဆင့်အနေနဲ့ကတော့ (၃၇)ဦးရှိပြီး ရောဂါ နည်းနည်းပြင်းထန်တာ (၂)ဦးပဲရှိပါတယ်။ သေဆုံးတဲ့လူနာ တစ်ယောက်မှ မရှိသေးပါဘူး။ သွေးလွန်တုပ်ကွေးမှာ ရှော့ရတဲ့ လူနာကလေးတွေလည် းမရှိသေးပါဘူး”ဟု ကယားပြည်နယ် ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင်ကေ တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ကယားပြည်နယ်အတွင်း ရှားတောမြို့နယ်မှလွဲ၍ ကျန်(၆)မြို့နယ်လုံး၌ သွေးလွန်တုပ်ကွေးဖြစ်ပွားရာ လွိုင်ကော်မြို့နယ်တွင်  အများဆုံး၊ ဖားဆောင်းမြို့နယ်မှာ ဒုတိယအများဆုံးနှင့် ဒီးမော့ဆိုမြို့နယ်မှာ တတိယအများဆုံးဖြစ်ပွားကြောင်း သိရသည်။
ကယားပြည်နယ်တွင် ၂၀၂၀ ခုနှစ်အတွင်း သွေးလွန်တုပ်ကွေးကြောင့် သေဆုံးသူ မရှိသေးကြောင်း သိရပြီး  ရောဂါဖြစ်ပွားမှုမှာ ၂၀၁၈ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်များထက် ပိုများလာကြောင်း သိရသည်။
ယခုနှစ်တွင် ကာကွယ်ရေးလုပ်ငန်းများကို ယခင်နှစ်များအတိုင်း လုပ်ဆောင်သော်လည်း COVID 19 ကြောင့် အကန့်အသတ်အချို့ရှိခဲ့ကြောင်း သိရသည်။
“ဒီနှစ်အနေနဲ့ COVIS 19 နဲ့ သွားတိုက်နေတဲ့အခါမှာ ကျွန်တော်တို့က  လူစုလူဝေးမဖြစ်အောင်၊  နောက်တစ်ခုက သွေးလွန်တုပ်ကွေးကာကွယ်မှုလေးတွေလည်း ထိရောက်အောင်ဆိုတဲ့အနေအထား နှစ်ခုကြားမှာ ကျွန်တော်တို့ လှုပ်ရှားဆောင်ရွက်မှုတွေ လုပ်ခဲ့ပါတယ်။ အထူးသဖြင့် ဒီနှစ်ပြောစရာရှိတာက အရင်တုန်းက ဒီလိုအခြေအနေမျိုးဆိုရင် ကျွန်တော်တို့က ကြိုတင်ပြီးတော့ လူစုလူဝေးကြီးနဲ့ ရပ်ကွက် အလိုက်တွေ လုပ်ပါတယ်။ ဒီနှစ်ကတော့ မလုပ်နိုင်ပါဘူး။  ကျောင်းတွေမှာလည်း မလုပ်နိုင်ဘူး။ လူစုလူဝေးဖြစ်မှာစိုးလို့။ လှုပ်ရှားမှုလုပ်ရင်တောင်မှ တတ်နိုင်သမျှ COVID 19 နဲ့လည်း သေချာကာကွယ်မှုဖြစ်အောင်ကျွန်တော်တို့ လုပ်ခဲ့ကြပါတယ်”ဟု ဒေါက်တာအောင်သူထက်ကပြောသည်။
သွေးလွန်တုပ်ကွေးဖြစ်ပွားမှုမှာ လွိုင်ကော်မြို့နယ်တွင် (၁၁၈) ဦး၊ ဒီးမော့ဆိုမြို့နယ်တွင်(၂၈)ဦး ၊ ဖရူဆိုမြို့နယ်တွင်( ၆)ဦး၊ ဘောလခဲမြို့နယ်တွင်(၁၃)ဦး ၊ဖားဆောင်မြို့နယ်တွင် (၄၆)ဦးနှင့်  မယ်စဲ့မြို့နယ်တွင်(၁)ဦးတို့ ဖြစ်ပွားခြင်းဖြစ်ကြောင်း သိရပြီး ထက်ဝက်ခန့်မှာ အသက် (၁၅)နှစ်အောက် ကလေးများဖြစ်ကြောင်း သိရသည်။
ကယားပြည်နယ်တွင် သွေးလွန်တုပ်ကွေးဖြစ်ပွားမှုမှာ ၂၀၁၇ ခုနှစ်တွင် (၁၁၀၃)ဦးဖြင့် အမြင့်ဆုံးဖြစ်ခဲ့ပြီး (၂)ဦး သေဆုံးခဲ့ကာ ၂၀၁၉ ခုနှစ်တွင် သေဆုံးသူမရှိခဲ့ဘဲရောဂါဖြစ်ပွားသူ (၁၉၀) ဦးရှိခဲ့ကြောင်းသိရသည်။
Tachileik News Agency
သတင်း - ဆန်းဖြိုးထွန်း
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~