KNU ၏ တပ်မဟာ(၅)နယ်မြေတွင် ၂၀၂၂ခုနှစ်၏ တစ်နှစ်တာအတွင်း အာဏာသိမ်းစစ်အုပ်စုနှင့် တိုက်ပွဲပေါင်း (၂၇၀၀)ကျော် ဖြစ်ပွားခဲ့

KNU ၏ တပ်မဟာ(၅)နယ်မြေတွင် ၂၀၂၂ခုနှစ်၏ တစ်နှစ်တာအတွင်း အာဏာသိမ်းစစ်အုပ်စုနှင့် တိုက်ပွဲပေါင်း (၂၇၀၀)ကျော် ဖြစ်ပွားခဲ့
ဇန်နဝါရီ 7, 2023 | 2021 Military Coup| အခြားဒေသများ

ကရင်အမျိုးသားအစည်းအရုံး( 𝗞𝗮𝗿𝗲𝗻 𝗡𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗨𝗻𝗶𝗼𝗻 - KNU)၏ တပ်မဟာ(၅)နယ်မြေတွင် ၂၀၂၂ ခုနှစ် တစ်နှစ်အတွင်း အာဏာသိမ်းစစ်ကောင်စီတပ်နှင့်တိုက်ပွဲပေါင်း (၂,၇၃၇)ကြိမ်ဖြစ်ပွားခဲ့ကာ စစ်ကောင်စီနှင့် BGF တပ်သား (၁၃၀၇)ဦးသေကြောင်း တပ်မဟာ (၅)က  ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ(၇)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

စစ်ကောင်စီစစ်တပ်ဘက်က သေဆုံးသူများထဲတွင် တပ်ရင်းမှူး (၂)ဦး၊ ဒု-တပ်ရင်းမှူး (၅)ဦး၊ ဗိုလ်ကြီး (၆)ဦး နှင့် ဒုတိယဗိုလ် (၆)ဦးတို့ ပါဝင်ပြီး အများစုမှာ တပ်သားများ ဖြစ်ကြောင်း သိရသည်။

 ဒါ့အပြင် စစ်ကောင်စီယာဥ် (၅၅)စီး၊ စစ်ကောင်စီအသုံးပြုသည့် တံတား (၈)စင်းနှင့် အဆောက်အဦး အလုံး(၂၀) ကိုဖျက်ဆီးခဲ့ကာ တပ်မဟာ(၅)မှ ရဲဘော် (၅၀)ဦး ကျဆုံးပြီး (၁၈၀)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် ဒေသခံများနေထိုင်ရာ ကျေးရွာနှင့် လုပ်ငန်း ခွင်များအတွင်းသို့ လက်နက်ကြီးအလုံးရေ (၂,၀၀၁)လုံးပစ်ချခဲ့ပြီး လေယာဉ်ဖြင့် (၃၅)ကြိမ်၊ ဗုံးသီးကြီး (၁၈၂) လုံးကြဲချခဲ့ကြောင်း သိရသည်။

စစ်ကောင်စီစစ်တပ်မှ လက်နက်ကြီးပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သဖြင့် ဒေသခံ(၄၁) ဦးသေဆုံးခဲ့ပြီး (၉၉) ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် (၉၆)လုံး၊ ဘုးရားရှေ့ခိုးကျောင်း (၂)လုံး၊ စပါးကျည် (၁၀)လုံး၊ စပါးကြိတ်စက် (၂) လုံးပျက်စီးခဲ့ရကြောင်း သိရသည်။

ဒါ့အပြင် ဒေသခံများ၏ ကျွဲ (၉)ကောင်နှင့် နွား (၇)ကောင်လည်း သေဆုံးခဲ့ရကာ ဒေသခံများ၏ ဆန် (၁၂)အိတ်၊ ထိုင်းဘတ်ငွေ (၅၀၀,၀၀) ငါးသောင်းကျော်ကို အတင်းအဓမ္မ လုယူသွားခဲ့ကြကြောင်း သိရသည်။

 

Photo: KNU