ကွမ်းလုံမြို့အား အလုံးစုံသိမ်းပိုက် ထိန်းချုပ်နိုင်ရေး ဆက်လက်လုပ်ဆောင်နေဟု မဟာမိတ်တပ်များထုတ်ပြန်

ကွမ်းလုံမြို့အား အလုံးစုံသိမ်းပိုက် ထိန်းချုပ်နိုင်ရေး ဆက်လက်လုပ်ဆောင်နေဟု မဟာမိတ်တပ်များထုတ်ပြန်
နိုဝင်ဘာ 9, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း ကွမ်းလုံမြို့အား သိမ်းပိုက်ရရှိထားသော်လည်း ထွက်ပြေးနေသော စစ်ကောင်စီတပ်သားများကို လိုက်လံရှင်းလင်းနေသည့်အပြင် အလုံးစုံသိမ်းပိုက်၊ ထိန်းချုပ်ထားနိုင်ရေးအတွက် ညီနောင်မဟာမိတ် (၃)ဖွဲ့မှ ကြိုးစားနေသည်ဟု ယနေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၉)ရက်နေ့ ညပိုင်းတွင် သတင်းထုတ်ပြန်သည်။

ယနေ့ နိုဝင်ဘာလ (၉)ရက်နေ့၊ စစ်ဆင်ရေး (၁၄)ရက်မြောက်နေ့တွင်လည်း ညီနောင်မဟာမိတ် (၃)ဖွဲ့မှ စစ်ကောင်စီ တပ်စခန်းများအား ဆက်လက်သိမ်းပိုက်ရရှိခဲ့ပြီး လက်နက်ခဲယမ်းအမြောက်အမြားအပါအဝင် သံချပ်ကာ ကားကြီး (၁)စီး ထပ်မံသိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

ယနေ့နံနက်ပိုင်းတွင် မဟာမိတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး ကိုးကန့်ခရိုင်၊ ရှီးရှမ်းဒေသ၊ တာရွှေထန်အုပ်စု၊ နန်ကော်ကျေးရွာနှင့် ဖုန်းချွေရှမ်ကြား ရှောက်ပယ်အိုင်တွင်ရှိသော စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း သိရသည်။

ထို့အပြင် မဟာမိတ်တပ်များသည် တုန်းရှမ်းဒေသ၊ ရှီယွင်ကြည်ကျေးရွာအနီးရှိ စစ်ကောင်စီ၏ ဟဲ့ဟုတ်တောင်စခန်းအား တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကာ ၎င်းတောင်‌ပေါ်ရှိ ဗျူဟာကုန်းများနှင့် အရံစခန်းများအားလုံးကိုလည်း သိမ်းပိုက်ရရှိခဲ့သည်ဟု သိရသည်။

#TachileikNewsAgency