ဂုတ်တွင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ထံမှ တင့်ကားတစ်စီး TNLA ပူးပေါင်းတပ်များ သိမ်းဆည်းရရှိ

ဂုတ်တွင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ထံမှ တင့်ကားတစ်စီး TNLA ပူးပေါင်းတပ်များ သိမ်းဆည်းရရှိ
နိုဝင်ဘာ 9, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့အနီး အုမ္မခါးရွာအနီးတွင် ယမန်နေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၈)ရက်နေ့က တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်၏ တင့်ကားတစ်စီးကို TNLA ပူးပေါင်း မန္တလေး PDFတပ်တို့က သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ယမန်နေ့ နံနက်ပိုင်းက နောင်ချိုမြို့နယ် ရွှေညောင်ပင်ကျေးရွာအနီးတဝိုက်နှင့် အုမ္မခါးတို့တွင် ဖြစ်ပွားနေသည့် တိုက်ပွဲကို တင့်ကား(၃)စီးဖြင့် စစ်ကူတက်လာသည့် စစ်ကောင်စီတပ်အား ညပိုင်းတွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)နှင့် မန္တလေး PDF တို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အဲဒီတင့်ကား(၃)စီးလာတာ ဂုတ်တွင်းမှာ TNLA နဲ့ မန္တလေး PDF တို့ပူးပေါင်းပြီးတော့ တိုက်တာ။ တင့်ကားတစ်စီးရတယ်။ (၂)စီးကတော့ ပြန်လှည့်သွားတယ်။”ဟု TNLAမှ ရှေ့တန်းရဲဘော်တစ်ဦးက Tachileik News Agencyကိုပြောသည်။ 

နောင်ချိုမြို့နယ် ဂုတ်တွင်းရှိ ရှုခင်းသာအထိ TNLA ပူးပေါင်း မန္တလေး PDF တို့က ထိန်းချုပ်ထားပြီး တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေကာ အုမ္မတီး၊ အုမ္မခါး၊ ရွှေညောင်ပင်၊ ဆမ္မဆယ်နှင့်အနီးတဝိုက်ရှိ ဒေသခံများလည်း  တိမ်းရှောင်နေကြရကြောင်း သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများပြင်းထန်နေပြီး မဟာမိတ်တပ်များသည် စစ်ကောင်စီတပ်ထံမှ ယနေ့အထိ သံချပ်ကာကားနှင့် တင့်ကား(၇)စီးကို သိမ်းဆည်းရရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency