ကျောက်မဲနှင့် သီပေါအကြား ပြည်ထောင်စုလမ်းတွင် နွားတင်ယာဉ်အဖွဲ့ သေနတ်ဖြင့် လိုက်လံ ပစ်ခတ်ခံရ

ကျောက်မဲနှင့် သီပေါအကြား ပြည်ထောင်စုလမ်းတွင် နွားတင်ယာဉ်အဖွဲ့ သေနတ်ဖြင့် လိုက်လံ ပစ်ခတ်ခံရ
ဇန်နဝါရီ 12, 2020
By Tachileik News Agency

ကျောက်မဲနှင့် သီပေါအကြား ပြည်ထောင်စုလမ်းတွင် နွားတင်ယာဉ်အဖွဲ့ သေနတ်ဖြင့် လိုက်လံ ပစ်ခတ်ခံရ

ရှမ်းပြည်နယ်( မြောက်ပိုင်း ) ကျောက်မဲမြို့နှင့် သီပေါမြို့အကြား ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၁၂) ရက်နေ့ နံနက် (၅)နာရီ (၄၅)မိနစ်ဝန်းကျင်က နွားတင်လာသည့် မော်တော်ယာဉ်အဖွဲ့ကို ဆိုင်ကယ်သမား (၄) ဦးက သေနတ်ဖြင့် လိုက်လံ ပစ်ခတ်မှုကြောင့် ယာဉ်မောင်းတစ်ဦး သေဆုံးသွားသည်။

ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် (၁၁၇/ ၃) နှင့် (၁၁၇/၄) ကြားတွင် ကျောက်မဲဘက်မှ သီပေါဘက်သို့ မောင်းနှင်လာသည့် နွားတင်ယာဉ် (၅) စီးအနက်မှ စတုတ္ထမြောက်ယာဉ်အား အနောက်မှ ဆိုင်ကယ်(၂)စီးဖြင့် လိုက်လာသည့် အမျိုးသား (၄) ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် အသက် (၂၂)နှစ်အရွယ် ယာဉ်မောင်း လူငယ်မှာ ဦးခေါင်းတွင် သေနတ်ဒဏ်ရာ (၄)ချက်ဖြင့် သေဆုံးသွားကြောင်း သိရသည်။

အဆိုပါ နွားတင်ယာဉ် (၅) စီးသည် လယ်ဝေးမြို့ရှိ ဖူးထက်ကုမ္ပဏီမှ တရားဝင်တင်ပို့ခွင့်ရသည့် နွားများကို တင်ဆောင်လာခြင်းဖြစ်ကြောင်း သိရသည်။

အခင်းဖြစ်သော နေရာသို့ ဘော်ကြိုပရဟိတ အဖွဲ့ ( သီပေါမြို့နယ်-ဘော်ကြိုကျေးရွာ)က သွားရောက် ကူညီပေးခဲ့ပြီး သေဆုံးသူအား ကျောက်မဲခရိုင် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကာ သေနတ်ပစ်ခံရသည့် ကိစ္စနှင့်ပတ်သက်၍ သက်ဆိုင်ရာက စုံစမ်းမှုများပြုလုပ်နေကြောင်း သိရသည်။

ပြည်ထောင်စုလမ်းမကြီး နောင်ချို-ကျောက်မဲ-သီပေါ- လားရှိုး လမ်းပိုင်းတွင် ၂၀၁၈ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်များ အတွင်း နွားတင်ယာဉ်များနှင့် အိမ်စီးယာဉ်ငယ်အချို့ သေနတ်ပစ်ခတ်ခံရမှုများ ဖြစ်ပွားခဲ့ပြီး ထိခိုက် ဒဏ်ရာရမှု သေဆုံးမှုများရှိခဲ့သော်လည်း သေနတ်သမားများအား သက်ဆိုင်ရာက ဖေါ်ထုတ် ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

Tachileik News Agency
သတင်း - နေဖြိုးမြင့်
ဓါတ်ပုံ - ဘော်ကြိုပရဟိတအသင်း

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~