တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် KTLA ပူးပေါင်း PDF တပ်တို့ တိုက်ပွဲဖြစ်

တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် KTLA ပူးပေါင်း PDF တပ်တို့ တိုက်ပွဲဖြစ်
နိုဝင်ဘာ 8, 2023 | 2021 Military Coup| အခြားဒေသများ

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် KTLA ပူးပေါင်း PDF တပ်တို့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၄)ရက်နေ့နှင့် (၆)ရက်နေ့တို့တွင် တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း မြိတ်ခရိုင်တပ်ရင်း(၂)၊ တပ်ခွဲ(၁)ထံမှ သိရသည်။

နိုဝင်ဘာလ (၄)ရက်၊ ညနေပိုင်းက အင်အား(၅၀)ပါ ညောင်ပင်ကွင်းရွာအခြေစိုက် ခမရ (၅၆၁)တပ်ရင်းမှ ထွက်ခွာလာသော (၄၃၁)၊ (၅၆၁)၊ (၁၀၁)၊ ပျူစောထီးပူးပေါင်းစစ်ကြောင်းသည် သိန္ဒောစခန်းသို့ ရိက္ခာပို့ဆောင်ခဲ့ရာမှ တနင်္သာရီမြို့နယ်၊ ဘန်ကြုပ်ကျေးရွာအနီးသို့ အရောက်တွင် ပူးပေါင်းတပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ (၆)ရက်နေ့ နေ့လယ်ပိုင်းတွင် သကျက်ကျေးရွာအုပ်စု ကျွဲထိန်းကုန်းရွာနှင့် ကဏန်းကွင်းရွာကြား၌ ကောင်စီတပ်နှင့် တစ်နေကုန် တိုက်ပွဲဖြစ်ပွားခဲ့ကာ အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးသူရှိခဲ့သည်ဟု သိရသည်။

ပူးပေါင်းတပ်များဘက်ကလည်း ရဲဘော်(၃)ဦး(မစိုးရိမ်ရ) ဒဏ်ရာရရှိပြီး စစ်ကောင်စီတပ်၏ (၆၀)မမ ဗုံးသီး(၇)လုံးနှင့် MA1 ကျည်အိမ်(၁)ခုတို့ကို သိမ်းဆည်း ရရှိခဲ့သည်ဟု သိရသည်။

ပြည်သူများအနေဖြင့် စစ်ရေးသတိရှိစွာ သွားလာကြရန်နှင့် လာမည့်ကာလများအတွင်း တိုက်ပွဲအရှိန်မြှင့် ဖောင်ဆောင်မည်ဖြစ်သောကြောင့် တော်လှန်ရေးအဖွဲ့များ၏ သတိပေးထုတ်ပြန်ချက်များအား လေးစားလိုက်နာကြရန် တောင်းဆိုထုတ်ပြန်ထားသည်။

#TachileikNewsAgency