စစ်ကောင်စီလက်အောက်ခံ BGF နီကန်စခန်းကို KNLA သိမ်းပိုက် အလောင်း ( ၆ )လောင်းနှင့် လက်နက်ခဲယမ်းများရရှိ

စစ်ကောင်စီလက်အောက်ခံ BGF နီကန်စခန်းကို KNLA သိမ်းပိုက် အလောင်း ( ၆ )လောင်းနှင့် လက်နက်ခဲယမ်းများရရှိ

 ကရင်ပြည်နယ်ရှိ စစ်ကောင်စီတပ် လက်အောက်ခံ၊ နယ်ခြားစောင့်တပ်(BGF)၏ တပ်နယ် (၃)၊ နီကန်စခန်းကို KNLA တပ်မဟာ (၅)က ၂၀၂၃ခုနှစ်၊ မေလ(၂)ရက်နေ့တွင် တိုက်ခိုက်ခဲ့ရာ BGF (၆)ဦးသေပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။



သေဆုံးသူများထဲတွင် BGF တပ်ခွဲမှူး တစ်ဦး၊ ဒု-ခွဲမှူးတစ်ဦးနှင့် တပ်ကြပ်ကြီးတစ်ဦး ပါပြီး အဆိုပါ တိုက်ပွဲအတွင်းမှ AR(၅)လက်နှင့်အတူ ၎င်းကျည်ဆံအပြည့်ပါကျည်ဘောက်(၁၆)ချပ်၊ ၉ မမ ပစ္စတိုတစ်လက်၊ RPG-7 တစ်လက်နှင့် ၎င်းဗုံးသီး(၆)လုံး၊ NATO-နတ်တို စက်လတ်တစ်လက်နှင့် ၎င်း၏ကျည်(၅၀၀)လုံးနှင့် ဆက်သွယ်ရေးစကားပြောစက်(၂)လုံးကို သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။



၎င်းတပ်စခန်းသည် စစ်ကောင်စီ၏ ရှေ့တန်းစစ်မြေပြင် အတွက် လက်နက်ခဲယမ်း၊ စားနပ်ရိက္ခာများပို့ ဆောင်ရန်အတွက် လမ်းလုံခြုံရေးအား တာဝန်ယူစောင့်ကြပ်ပေးထားသည့် စခန်းဖြစ်ကြောင်း သိရသည်။



တိုက်ပွဲအတွင်း KNLA ဘက်မှ ရဲဘော်(၂)ဦးကျဆုံးကာ (၅)ဦးဒဏ်ရာရရှိခဲ့ကြောင်း တပ်မဟာ (၅)က ယနေ့ မေလ(၅)ရက်နေ့တွင် သတင်း ထုတ်ပြန်ထားသည်။