KNU တပ်မဟာ (၁)နယ်မြေတွင်းကို အာဏာသိမ်းစစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေ၍ ဒေသခံများ ထွက်ပြေးနေရ

တိမ်းရှောင်နေရသည့် ပြည်သူအချို့
တိမ်းရှောင်နေရသည့် ပြည်သူအချို့
KNU တပ်မဟာ (၁)နယ်မြေတွင်းကို အာဏာသိမ်းစစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေ၍ ဒေသခံများ ထွက်ပြေးနေရ
ဖေဖော်ဝါရီ 22, 2022 | ကျန်းမာရေး| အခြားဒေသများ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ KNUတပ်မဟာ(၁)နယ်မြေအတွင်းသို့ အာဏာသိမ်းစစ်ကောင်စီတပ်က အင်အားအများအပြားနှင့်ထိုးစစ်ဆင်ပြီး လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေခြင်းကြောင့် ဒေသခံများထွက်ပြေးတိမ်း‌ရှောင်နေရကြောင်း သိရသည်။

အာဏာသိမ်းစစ်ကောင်စီတပ်က အင်အား (၃၀၀) ဝန်းကျင်ဖြင့် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၉) ရက်နေ့မှစပြီး ထိုးစစ်ဆင်လာခြင်းကြောင့် ဝါးဘိုးချောင်း၊ ဇီးပြောင်း၊ ကော်ကပ်၊ မဲရုံးကြီး၊ ဆင်တွင်း၊ မိုးဘောနတ်စင်၊ ချောင်းစောက်ကျေးရွာများမှ ဒေသခံ(၅၀၀)ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ရွာသားတွေကလန့်နေကြတယ်။ အရင်တစ်ခေါက် စစ်တပ်ဝင်လာတော့ ကျေးရွာက ကလေးတွေကို သတ်သွားတယ်။ အိမ်တွေကပစ္စည်းတွေ ယူသွားကြတယ်။ အခုလည်း လက်နက်ကြီး ညစဉ် ပစ်ခတ်နေတယ်။ ရွာသားတွေအားလုံး ပုန်းအောင်းနေကြတယ်။

ဟု မိုးဘောကျေးရွာမှ အမျိုးသမီးတစ်ဦးက Tachileik News Agency သို့ ‌ပြောသည်။

ဖေဖော်ဝါရီလ (၁၉) ရက်နေ့မှ (၂၂) ရက်နေ့ထိ သိမ်ဇရပ်အမြောက်တပ်မှ KNU တပ်မဟာ(၁)နယ်မြေအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်လျှက်ရှိပြီး မြေပြင်လှုပ်ရှားစစ်ကြောင်းများလည်းရှိနေ‌ကြောင်းသိရသည်။

အာဏာသိမ်းစစ်ကောင်စီတပ်သည့် ပြီးခဲ့သည့်  ဇန်နဝါရီ၏ စတုတ္ထပတ်အတွင်း ယင်းဒေသကို ထိုးစစ်ဆင်စဉ် KNU၊ PDF ပူးပေါင်း အဖွဲ့များနှင့် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်မှ အရာရှိ(၁)ဦး အပါအဝင် (၇)ဦး ကျဆုံးခဲ့ကြောင်း သိရသည်။