ရှမ်းမြောက်ရှိ သိန္နီ PDF ၏ နေရာအချို့ကို အာဏာသိမ်း စစ်တပ်က အင်အားအများအပြားဖြင့် ဝင်စီးကာ မီးရှို့ဖျက်ဆီးသွား

Photo: သိန္နီမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(TN PDF)
Photo: သိန္နီမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(TN PDF)
ရှမ်းမြောက်ရှိ သိန္နီ PDF ၏ နေရာအချို့ကို အာဏာသိမ်း စစ်တပ်က အင်အားအများအပြားဖြင့် ဝင်စီးကာ မီးရှို့ဖျက်ဆီးသွား
ဒီဇင်ဘာ 2, 2021 | ရှမ်းမြောက်
By Tachileik News Agency

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအတွင်း သိန္နီမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ နေရာအချို့ကို အာဏာသိမ်းစစ်တပ်က (၂)ရက်တာအတွင်း အင်အားအများအပြားဖြင့် ဝင်ရောက် စီးနင်းမှုကြောင့် PDF ဘက်က ထိခိုက်ဒဏ်ရာရရှိသွားသူများ နှင့် ဖမ်းဆီးခံရမှုများရှိသည့်အပြင်  ပစ္စည်းများကို ယူဆောင်သွားကာ တဲများကို မီးရှို့ဖျက်ဆီးခံလိုက်ရကြောင်း နှင့် အာဏာသိမ်းစစ်တပ်ဘက်က (၃)ဦးသေဆုံးကြောင်း သိရသည်။

စစ်ဆေးဆိုင်ရာလေ့ကျင်ရေးနေရာအား ယနေ့ ၂၀၂၁ခုနှစ်  ဒီဇင်ဘာလ(၂)ရက်နေ့ နံနက်အစောပိုင်းတွင် အာဏာသိမ်းစစ်တပ်က အင်အားအများအပြားဖြင့် ဝင်ရောက် စီးနင်းပြီး ပစ္စည်းများကို ယူဆောင်သွားကာ တဲများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ယင်းသို့ လုပ်ဆောင်မှုအတွင်း သိန္နီမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(TN PDF)၏ ပြောက်ကျားစစ်သည်တော်များက ပြန်လည်ခုခံ ပစ်ခတ်ရာ အာဏာသိမ်းစစ်တပ်ဘက်က လူအင်အား၊ လက်နက်အင်အားများသည့်အတွက် PDF ၏ ပြောက်ကျားစစ်သည်တော်များမှာ စခန်းကနေ ပြန်လည်ဆုတ်ခွာခဲ့ရသည်။



 

အပြန်အလှန် ပစ်ခတ်မှုအတွင်း အာဏာသိမ်းစစ်တပ်ဘက်က (၃)ဦး သေဆုံးပြီး ဒဏ်ရာရရှိသူများရှိကြောင်းနှင့် သိန္နီမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(TN PDF)ဘက်ကလည်း ပြောက်ကျားစစ်သည်တော် (၇)ဦး ဒဏ်ရာရရှိကြောင်း သိရသည်။

မနေ့ညက (၂)နေရာ ဝင်တိုက်ခံရပါတယ်။ အရင်ဆုံး TN PDF ရဲ့  လမ်းကင်းစခန်းပါ။ လက်နက်ကြီးဒဏ်ရာတွေရတာ။ သုံးယောက်ကတော့ အခုထိ သတိ မရသေးပါဘူး။ ကျန်တဲ့ ရဲဘော်တွေတော့ သက်သာပါတယ်

ဟု သိန္နီမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(TN PDF)၏ ပြန်ကြားရေးနှင့်ဆယ်သွယ်ထောက်လှမ်းရေးအဖွဲ့က Tachileik News Agency သို့ ပြောသည်။

ဒီဇင်ဘာလ(၁)ရက်နေ့ ည(၁၁)နာရီကျော်အချိန်ကလည်း TN PDF ၏ ကင်းအဖွဲ့စခန်းကို အာဏာသိမ်းစစ်တပ်က အင်အားသုံးကာ ဝင်ရောက် တိုက်ခိုက်သည့်အတွက် ခုခံစစ်အတွင်း အင်အားမမျှ၍ TN PDF ဘက်က တပ်ဖွဲ့ဝင် (၂)ဦး ဖမ်းဆီးခံလိုက်ရပြီး ကျန်တပ်ဖွဲ့ဝင်များမှာ ဆုတ်ခွာခဲ့ရကြောင်း နှင့် ကျန်ရှိခဲ့သည့် ကင်းစခန်းကိုလည်း အာဏာသိမ်းစစ်တပ်က မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။

ပထမဆုံး ကင်းစခန်းကို ဝင်တိုက်တော့ နှစ်ယောက် ပါသွားတယ်။ တဲတွေကို မီးရှို့ဖျက်ဆီးခံလိုက်ရပြီး ရိက္ခာတစ်ချိူ့ နဲ့  အသုံးအဆောင်တွေ ပါသွား ပါတယ်။ အရင်လေးရက်လောက်တည်းက သူတို့ အင်အား အလုံးရင်းဖြန့်နေတာပါ

ဟု သိန္နီမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(TN PDF)၏ ပြန်ကြားရေးနှင့်ဆယ်သွယ်ထောက်လှမ်းရေးအဖွဲ့က ပြောသည်။

အာဏာသိမ်းစစ်တပ်က အင်အားများဖြင့် ဝင်ရောက်စီးနင်းပြီး TN PDF ၏ သင်တန်းကွင်းနေရာရှိ သင်တန်းသုံး ကိရိယာများနှင့် ဖောက်ခွဲရေးပစ္စည်းများကို သိမ်းယူသွားပြီး  သင်တန်းသားများ၏ အဆောင်တဲများကို  မီးရှိူ့ဖျက်ဆီးသွားခြင်း ဖြစ်ကြောင်း သိရသည်။

အာဏာသိမ်းစစ်တပ်မှ လက်နက်အင်အား၊ လူအင်အားဖြင့် ထိုးစစ် ဆင်လာသည့်အတွက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည့်  TN PDF က ပြောက်ကျားစစ်ဆင်ကာ အပြင်းအထန် ပြန်လည် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း လည်း အသိပေးကြေညာထားရှိသည်။