ရှမ်း(မြောက်)တိုက်ပွဲအကြောင်းပြပြီး စစ်ကောင်စီက တပ်ထောက်ခံ လုပ်ငန်းရှင်များထံက အလှူငွေကောက်ခံ၊ ရှေ့တန်းရောက် စစ်သားများအတွက် ဆုတောင်းစာများပါ တောင်းနေရ

ရှမ်း(မြောက်)တိုက်ပွဲအကြောင်းပြပြီး စစ်ကောင်စီက တပ်ထောက်ခံ လုပ်ငန်းရှင်များထံက အလှူငွေကောက်ခံ၊ ရှေ့တန်းရောက် စစ်သားများအတွက် ဆုတောင်းစာများပါ တောင်းနေရ
နိုဝင်ဘာ 2, 2023 | 2021 Military Coup

 

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအတွင်း ညီနောင်မဟာမိတ်တပ်ဖွဲ့တို့၏ အပြင်းအထန် တိုက်ခိုက်မှုကို အလူးအလဲခံနေရသည့် အာဏာသိမ်းစစ်ကောင်စီက ၎င်းတို့၏ လူနှင့်လက်နက် ဆုံးရှုံးမှုများစွာနှင့် ရင်ဆိုင်နေရချိန်တွင် စစ်တပ်ထောက်ခံသူများနှင့် လုပ်ငန်းရှင်များထံကနေ အလှူငွေများ ကောက်ခံနေရာ လက်ရှိတွင် ကျပ်သိန်းပေါင်း (၈,၁၀၀)ကျော် ရရှိထားကြောင်း သိရသည်။

ယမန်နေ့ နိုဝင်ဘာလ(၁)ရက်နေ့အထိ ရရှိထားသည့် စစ်တပ်ထောက်ခံသူများနှင့် စစ်တပ်ထောက်ခံသည့် လုပ်ငန်းရှင်များဖြစ်သော မေတ္တာမွန် စက်သုံးဆီ အရောင်းဆိုင်ပိုင်ရှင် ဦးဝင်းမြင့်၊ စစ်အာဏာရှင်ဟောင်း ဦးနေဝင်း၏ မြေး  ဦးကျော်နေဝင်း နှင့် Lucky Diamonds စိန်တိုက်ပိုင်ရှင်  ဦးဝင်းသန်း(ခ) ဦးကျော် အပါအဝင် စုစုပေါင်း (၆၀)ဦးက ကျပ်သိန်းပေါင်း (၈,၁၃၀)  စုပေါင်း ထည့်ဝင်ထားကြခြင်း ဖြစ်ကြောင်း စစ်ကောင်စီ၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။

Lucky Diamonds စိန်တိုက်ပိုင်ရှင်  ဦးဝင်းသန်း(ခ) ဦးကျော်

 

အာဏာသိမ်း စစ်ကောင်စီသည် ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း အကျအဆုံးများနေသည့် တိုက်ပွဲအတွက် လုပ်ငန်းရှင်များထံကနေ ငွေကြေး အလှူခံနေသည့်အပြင် ရှေ့တန်းရောက် ၎င်းတို့၏ တပ်သားများအတွက်ပါ ဆုတောင်းစာများ ရေးပို့ခိုင်းခြင်းအဖြစ် ဆော်ဩနေရကြောင်း စစ်တပ်ထောက်ခံသူများ၏ လှုံ့ဆော်မှုအရ သိရသည်။

စစ်အာဏာရှင်ဟောင်း ဦးနေဝင်း၏ မြေး  ဦးကျော်နေဝင်း

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအတွင်း ကိုးကန့်တပ်မတော် (MNDAA) , တအာင်းတပ်မတော် (TNLA) နှင့်  ရက္ခိုင့်တပ်တော် (AA)တို့ ပါဝင်သည့် ညီနောင်မဟာမိတ်အဖွဲ့၏  ၁၀၂၇ စစ်ဆင်ရေးအတွင်း အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ၎င်းတို့၏ လက်အောက်ခံ ပြည်သူ့စစ် ပူးပေါင်းအဖွဲ့တို့၏ စခန်းများစွာနှင့် လက်နက်ခဲယမ်းများစွာကို ညီနောင်မဟာမိတ်အဖွဲ့က သိမ်းဆည်းရရှိခဲ့သည့်အပြင် စစ်ကောင်စီတပ်ဘက်က သေဆုံးမှုများ အဆမတန်မြင့်တက်နေလျှက်ရှိပြီး ညီနောင် မဟာမိတ်အဖွဲ့ထံ လက်နက်ချအညံ့ခံလာသူ အများအပြားလည်း ရှိလာနေကြောင်း သိရသည်။  

#TachileikNewsAgency