မင်းပြားမြို့ရှိ စစ်ကောင်စီ ခမရ ၃၈၀ တပ်ရင်းကို AA သိမ်းပိုက်၊ ရခိုင်ပြည်နယ်တိုက်ပွဲတွင် စစ်ကောင်စီက ဓာတုအဆိပ်ဗုံးများ အသုံးပြုလာ

မင်းပြားမြို့ရှိ စစ်ကောင်စီ ခမရ ၃၈၀ တပ်ရင်းကို AA သိမ်းပိုက်၊ ရခိုင်ပြည်နယ်တိုက်ပွဲတွင် စစ်ကောင်စီက ဓာတုအဆိပ်ဗုံးများ အသုံးပြုလာ
ဇန်နဝါရီ 29, 2024 | 2021 Military Coup| အခြားဒေသများ

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်ရှိ စစ်ကောင်စီ၏ ခမရ(၃၈၀)တပ်ရင်းအား အပြီးသတ်သိမ်းပိုက်လိုက်ပြီဖြစ်‌ကြောင်း ညီနောင်မဟာမိတ်တပ်များက ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၂၈)ရက်နေ့ ညပိုင်းတွင် သတင်းထုတ်ပြန်သည်။

စစ်ကောင်စီသည် အဆိုပါတပ်ရင်းအား လေကြောင်းမှ ပစ်ကူပေးခြင်းနှင့် ရေကြောင်းမှ စစ်အင်အား ဖြည့်တင်းခြင်းတို့ဖြင့် အသည်းအသန် ခုခံခဲ့သော်လည်း ရက္ခိုင့်တပ်တော်၏ ထိုးစစ်ကြောင့် တပ်ရင်းတစ်ခုလုံး ကျဆုံးသွားခြင်းဖြစ်သည်။

စစ်ရေးစစ်ရာတွင် လုံးဝယှဉ်ပြိုင်နိုင်ခြင်းမရှိတော့သည့် စစ်ကောင်စီသည် ရခိုင်ပြည်နယ်ရှိ မြို့၊ ရပ်ရွာနှင့် ပြည်သူလူထုကိုသာ အဓိကဦးတည် ပစ်မှတ်ထား တိုက်ခိုက်ခြင်းများကို ယခင်ကထက် ပိုမိုပြုလုပ်လာသည်ဟု ဆိုသည်။

ရှေးဟောင်းအမွေအနှစ် အထွဋ်အမြတ်ထားရာ မြောက်ဦးမြို့အား လက်နက်ကြီး၊ လေကြောင်းပစ်ခတ်မှုများကို ပြုလုပ်ရာ ဇန်ဝါရီလ (၂၇)ရက်နေ့၊ ည(၁၀)နာရီဝန်းကျင်တွင် မြောက်ဦးမြို့အခြေစိုက် စစ်ကောင်စီ၏ ခမရ (၃၇၇)နှင့် (၅၄၀)တပ်ရင်း အပါအဝင် အမှတ် (၃၁) ရဲတပ်ရင်းတို့မှ မြောက်ဦးမြို့အား လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

အဆိုပါပစ်ခတ်မှုကြောင့် ဒေသခံအရပ်သား(၄)ဦး သေဆုံးခဲ့ရပြီး (၇)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ မြို့ပေါ် ရပ်ကွက်မှ နေအိမ်(၂၀)ကျော်လည်း မီးလောင်ပျက်စီးခဲ့သည်ဟု သိရသည်။  

ရမ်းဗြဲမြို့တွင်လည်း ရက္ခိုင့်တပ်တော် (AA)နှင့် စစ်ကောင်စီတို့ကြား မြေပြင်ထိတွေ့တိုက်ပွဲ ကြီးကြီးမားမား ဖြစ်ပွားခြင်းမရှိဘဲ မြို့ကိုပြိုပျက်စေရန် စစ်ကောင်စီဖက်မှ လက်နက်ကြီး၊ လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခဲ့သည်မှာ ရက်သတ္တတစ်ပတ်ခန့် ကြာမြင့်လာပြီဖြစ်သည်ဟု ဆိုသည်။

စစ်ကောင်စီသည် လေ‌ကြောင်းမှ ဂျက်ဖိုက်တာများဖြင့် ဓာတုအဆိပ်ငွေ့သုံး၍ ကြဲချပစ်ခတ်တိုက်ခိုက်ခြင်းများအထိပါ ပြုလုပ်လာပြီး ရမ်းဗြဲမြို့ရှိ စစ်ကောင်စီတပ်စခန်းများမှလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများကို နေ့စဉ်ပြုလုပ်နေသည်ဟု သိရသည်။

ဇန်နဝါရီလ (၂၇)ရက်နေ့က ဘူးသီးတောင်မြို့နယ်၊ ကြာညိုပြင်တံတားစခန်းအနီးတွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်တို့ကြား တိုက်ပွဲစတင်ဖြစ်ပွားခဲ့ကာ တိုက်ပွဲဆက်လက်ရှိနေဆဲဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က အထိအခိုက်၊ အကျအဆုံးအချို့ရှိခဲ့သည်ဟု သိရသည်။

စစ်တွေအခြေစိုက် စစ်ကောင်စီ၏ ခမရ (၂၃၂)နှင့် (၃၄၄) တပ်ရင်းများမှ ယမန်နေ့က အရပ်သားများ နေထိုင်ရာမြို့၊ ရပ်ရွာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ မင်းပြားမြို့နယ်၊ ငါးစင်ရိုင်းချောင်းအုပ်စု၊ ခွဆုံကျေးရွာနားရှိ လယ်ကွင်းထဲသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံအမျိုးသား (၃)ဦးတို့ လက်နက်ကြီး ကျည်စထိမှန် ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ထို့အပြင် စစ်ကောင်စီ၏ Y 12 လေယာဉ်သည် ပေါက်တောမြို့နှင့် အနီးတစ်ဝိုက်အား ဗုံးကြဲတိုက်ခိုက်ပြီး လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်သည်ဟု ဆိုသည်။

#TachileikNewsAgency