တန့်ဆည်မြို့နယ် ပြည်ထောင်စုလမ်းကို စစ်ကောင်စီတပ်လေကြောင်းမှဗုံးကြဲ ကုန်တင်ကားနှစ်စီးပျက်စီးကာ အရပ်သားနှစ်ဦးထိမှန်

တန့်ဆည်မြို့နယ် ပြည်ထောင်စုလမ်းကို စစ်ကောင်စီတပ်လေကြောင်းမှဗုံးကြဲ ကုန်တင်ကားနှစ်စီးပျက်စီးကာ အရပ်သားနှစ်ဦးထိမှန်
ဖေဖော်ဝါရီ 14, 2024 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် အနောက်ပိုင်း ပြည်ထောင်စုလမ်းမကြီးကို စစ်ကောင်စီတပ်က ယနေ့ ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ (၁၄)ရက်နေ့ နေ့လယ်ပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ အရပ်သားများမောင်းနှင်လာသည့် ကုန်တင်ကားနှစ်စီး ထိမှန်ပျက်စီးသွားပြီး ကားသမားအပါအဝင် (၂)ဦးအထိ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

တန့်ဆည်မြို့နယ် အနောက်ပိုင်း ပြည်ထောင်စုလမ်းမကြီး လမ်းဘေးဝဲ၊ ယာကို စစ်ကောင်စီမှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းမှ ဗုံး(၈)လုံး ကြဲချရာ ကုန်တင်ကားတစ်စီး ပျက်စီးသွားပြီး ခရီးသွားပြည်သူများလည်း ထိခိုက်မှုရှိခဲ့သည်ဟု သိရသည်။

“အသေအပျောက်တော့ မရှိပါဘူး။ ကုန်ကားတစ်စီး လုံးဝပျက်စီးပြီး တစ်ယောက် အပြင်းအထန် ဒဏ်ရာရပါတယ်။ (၁၂)ဘီးကားတစ်စီးလည်း မှန်တွေကွဲ ပျက်စီးသွားတယ်။ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲသွားပါတယ်။ ကားတွေအနီးတဝှိုက်ကိုပါ။”ဟု Shwebo District Battalion-7 မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agencyကိုပြောသည်။

တိုက်ခိုက်မှုကြောင့် ဆန်၊ ပဲပုပ်လုပ်သည့် ပဲများတင်ဆောင်လာသော Canter (၆)ဘီးယာဉ်မှာ ပျက်စီးသွားပြီး ဝါး(၁၆၀၀) တင်ဆောင်လာသော (၁၂)ဘီးကားမှာ အရှေ့ခေါင်းခြမ်း ပျက်စီးသွားသည်ဟု သိရသည်။

ဗုံးကြဲခံရသဖြင့် Canter ကားပေါ်လိုက်ပါလာသော ကားဆရာနှင့်တစ်ဦး ထိခိုက်မှုရှိပြီး ဆေးကုသမှူခံယူနေရသည်ဟုလည်း သိရသည်။

ဒေသခံတစ်ဦးကမူ “ရေဦး၊ တန့်ဆည်၊ ကလေးဝကားလမ်း (၃၉)မိုင်ကို ပစ်သွားတာ။”ဟုပြောသည်။ 

ပြီးခဲ့သည့် ဇန်နဝါရီလ (၄)ရက်နေ့ကလည်း တန့်ဆည်မြို့နယ် စိန်းနန်းရွာနှင့် အထက်တန်းကျောင်းအနီးတဝိုက်ကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနှစ်စီးဖြင့် ဗုံးကြဲခဲ့သည်။

#TachileikNewsAgency