စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်အား အာဏာသိမ်းစစ်ကောင်စီက အဂတိမှု (၇)မှုဖြင့် ထောင်ဒဏ်(၂၁) ချမှတ်

စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်အား အာဏာသိမ်းစစ်ကောင်စီက အဂတိမှု (၇)မှုဖြင့် ထောင်ဒဏ်(၂၁) ချမှတ်
ဖေဖော်ဝါရီ 28, 2022 | အခြားဒေသများ

အာဏာသိမ်းစစ်ကောင်စီက စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်ကို ယနေ့ ဖေဖော်ဝါရီလ(၂၈)ရက်တွင် အလုပ်နှင့်ထောင် ဒဏ်(၂၁)နှစ် ချလိုက်ကြောင်း သိရသည်။

အာဏာသိမ်းစစ်ကောင်စီက အမှုတစ်မှုလျှင် အလုပ်နှင့် ထောင် ဒဏ် (၃)နှစ်စီဖြင့် စုစုပေါင်း အမှု (၇)မှုအတွက် အလုပ်နှင့်ထောင် ဒဏ် (၂၁)နှစ်ချလိုက်ခြင်းဖြစ်သည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေဖြင့် တင်ဒါလုပ်ငန်းများအတွက် တင်ဒါတန်ဖိုး ကျပ်သန်းပေါင်း ၂၀,၀၀၀ ကျော်ရှိသည့် လုပ်ငန်း (၆၆)ခု မူလကြမ်းခင်းဈေးအတိုင်း တင်ဒါအောင်မြင်ခဲ့ကြခြင်း၊ တင်ဒါလုပ်ငန်း အချက်အလက်များ အတွက် ငွေကြေးရယူ ဆောင်ရွက်မှုတို့ အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေအရ အရေးယူဆောင်ရွက်ခြင်း မပြုနိုင်ရန် စုံစမ်းစစ်ဆေးရေးအဖွဲ့၏ တွေ့ရှိချက် အစီရင်ခံစာအား ဖုံးကွယ်၊ ဖျောက်ဖျက်ခြင်း၊ ငါးလုပ်ငန်း ဦးစီးဌာနပိုင် အင်းမြေကိုရယူကာ တိုင်းဒေသကြီး လယ်ယာမြေ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးတွင် လူပုဂ္ဂိုလ်တစ်ဦးသို့ အခြားနည်းသုံးစွဲခွင့် ခွင့်ပြုခဲ့ခြင်း၊ မုံရွာမြို့ရှိ လုပ်ငန်းဆက်စပ်သည့် ကုမ္ပဏီပိုင်ရှင်တစ်ဦးထံမှ ငွေရယူခြင်း၊ မြန်မာ့သတ္တုတွင်း ဥပဒေ၊ နည်းဥပဒေများကို လိုက်နာရန်နှင့် ကြီးကြပ်ဆောင် ရွက်ရန် ပျက်ကွက်ခဲ့ခြင်းတို့ကြောင့်ဟု စသည့် စွပ်စွဲချက်များဖြင့်  ထောင်ဒဏ်(၂၁) နှစ်ချလိုက်ခြင်းဖြစ်သည်။

စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ စစ်ကိုင်း တိုင်းဒေသကြီးတရားလွှတ်တော်တွင် ၂၀၂၁ ခုနှစ်၊ မေလ(၁၇)ရက်တွင်  တရားစွဲဆိုတင်ခဲ့ပြီး ရာဇဝတ်ကြီးမှုအမှတ် ၁/၂၀၂၁ မှ ၇/၂၀၂၁ အထိ အမှု(၇)မှုဖြင့် စစ်ဆေးခဲ့ခြင်းဖြစ်သည်။

စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် ပြီးခဲ့သည့် ၂၀၂၁ခုနှစ် ဒီဇင်ဘာလ(၂၀)ရက်နေ့ကလည်း ပုဒ်မ ၅၀၅(ခ)ဖြင့် ထောင်ဒဏ် (၂)နှစ် ချမှတ်ခံထားရသည့်အတွက် ယခုအခါမှာ စုစုပေါင်း ထောင်ဒဏ်(၂၃)နှစ် ချမှတ်ခံထားရသည်။

 

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သည့် စစ်ကောင်စီအဖွဲ့သည် ၂၀၁၅ NLD အစိုးရလက်ထက်၏ ဝန်ကြီးချုပ်များကို ဖမ်းဆီးထားပြီး အကြောင်းအမျိုးမျိုးပြကာ နှစ်ရှည်ထောင်ဒဏ်များ ချမှတ်နေခြင်းဖြစ်သည်။