လွယ်ဂျယ်မြို့ရှိ မဒါဘွမ်စခန်းမှ စစ်ကောင်စီတပ်သားများ စခန်းစွန့်၊ ခမရ ၃၈၇ တပ်စခန်းကို KIA သိမ်းပိုက်

လွယ်ဂျယ်မြို့ရှိ မဒါဘွမ်စခန်းမှ စစ်ကောင်စီတပ်သားများ စခန်းစွန့်၊ ခမရ ၃၈၇ တပ်စခန်းကို KIA သိမ်းပိုက်

ကချင်ပြည်နယ် လွယ်ဂျယ်မြို့ရှိ စစ်ကောင်စီတပ် ခလရ(၁၄၂) ထိုင်သည့် အပေါ်စေတီကုန်းတပ်စခန်း(ဒေသအခေါ် မဒါဘွမ်)မှ စစ်ကောင်စီတပ်သားများ ၂၀၂၄ ခုနှစ် မတ်လ (၂၅)ရက်နေ့က စခန်းစွန့်ခွာသွားသဖြင့် KIA တပ်ဖွဲ့က မီးရှို့ရှင်းလင်းလိုက်ကြောင်း KIA နှင့်နီးစပ်သူများထံမှ သိရသည်။

"လွယ်ဂျယ်မြို့တွင်း စခန်းသပ်သပ်ရှိတယ်။ ဆုတ်တာက မြို့ပေါ်တောင်ကုန်းကစခန်း။"ဟု KIA နှင့် နီးစပ်သူတစ်ဦးက Tachileik News Agency ကိုပြောသည်။

ခလရ (၁၄၂)တပ်ရင်းသည် မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်အခြေစိုက်ပြီး ပြီးခဲ့သည့် မတ်လ(၈)ရက်နေ့က လက်နက်ချအညံ့ခံရာ အင်အား(၁၀၀)ဝန်းကျင်နှင့် မိသားစု(၁၀၀)ဝန်းကျင် ပါရှိသည်ဟု သိရသည်။

အဆိုပါတပ်စခန်းမှ (၁၂၀)မမ၊ (၁၀၅)မမနှင့် (၈၁)မမ အပါအဝင် လက်နက်ကြီး၊ လက်နက်ငယ်မျိုးစုံကိုလည်း သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

ထို့အပြင် ယနေ့ မတ်လ(၂၆)ရက်နေ့တွင်လည်း မိုးမောက်မြို့နယ်ရှိ ကုန်းလောမြို့ အခြေစိုက် ခမရ(၃၈၇)တပ်ရင်းကို ကချင်လွတ်လပ် ရေးတပ်မတော် (KIA)က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း သိရသည်။

မတ်လအတွင်း ဖားကန့်၊ မံစီ၊ လိုင်ဇာ၊ ဝိုင်းမော်၊ မိုးမောက်၊ တနိုင်းနှင့် ဆွမ်ပရာဘွမ်ဒေသများရှိ စစ်ကောင်စီတပ်စခန်း (၄၀)ကျော်ကို KIA က သိမ်းပိုက်ထားပြီးဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency