လားရှိုးမြို့ရှိ မိုင်ကျက်တပ်စခန်း TNLA ဆက်လက်တိုက်ခိုက်နေ၊ စစ်ကောင်စီတပ်များ မြေပြင်စစ်ကူမပေးနိုင်သဖြင့် လေယာဉ်သုံးကာ လက်နက်ခဲယမ်းနှင့် ရိက္ခာများ ချပေးနေရ

လားရှိုးမြို့ရှိ မိုင်ကျက်တပ်စခန်း TNLA ဆက်လက်တိုက်ခိုက်နေ၊ စစ်ကောင်စီတပ်များ မြေပြင်စစ်ကူမပေးနိုင်သဖြင့် လေယာဉ်သုံးကာ လက်နက်ခဲယမ်းနှင့် ရိက္ခာများ ချပေးနေရ
အောက်တိုဘာ 31, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်ရှိ စစ်ကောင်စီ၏ မိုင်ကျက်တပ်စခန်းကို ယနေ့ ၂၀၂၃ခုနှစ် အောက်တိုဘာလ (၃၁)ရက်နေ့ နံနက်ပိုင်းအထိ TNLA တပ်များက ဆက်လက်တိုက်ခိုက်နေကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် မြေပြင်စစ်ကူ မပေးနိုင်သောကြောင့် တိုက်ပွဲဖြစ်ပွားရာသို့ လေကြောင်းသယ်ယူပို့ဆောင်ရေး လေယဥ်အသုံးပြုကာ လက်နက်ခဲယမ်းနှင့် ရိက္ခာများ ချပေးနေရသည်ဟု TNLA ထံမှ သိရသည်။

ထို့အပြင် တိုက်လေယာဉ်အပါအဝင် Mi-35 တိုက်ခိုက်ရေး ရဟတ်ယဥ်များဖြင့် တိုက်ပွဲဖြစ်ပွားရာသို့ ပစ်ခတ်တိုက်ခိုက်နေသည်ဟု သိရသည်။

သိန္နီမြို့နယ်ရှိ စစ်ကောင်စီတပ်ဖွဲ့၏ မိုင်းလီတပ်စခန်းကို အောက်တိုဘာလ (၂၉)ရက်နေ့တွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက်

အောက်တိုဘာလ (၃၀)ရက်နေ့တွင် လားရှိုးမြို့နယ်ရှိ စစ်ကောင်စီတပ်ဖွဲ့၏ မိုင်ကျက်တပ်စခန်းကို  ဆက်လက်တိုက်ခိုက်နေခြင်းဖြစ်သည်။

လက်ရှိတွင် စစ်ဆင်ရေးကာလအတွင်း စစ်ရေးတင်းမာနေသည့် အရပ်ဒေသ၊ တိုက်ပွဲဖြစ်ပွားနေသည့် အရပ်ဒေသများသို့ ပြည်သူများအနေဖြင့် ဘေးကင်းလုံခြုံမှု၊ ဘေးအန္တရာယ်မှ ရှောင်ရှားနိုင်စေရန် ခရီးသွားလာခြင်း မပြုလုပ်ကြရန် TNLAက အသိပေးထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုး၊ လားရှိုးနှင့် ကိုးကန့်ဒေသတလျှောက်ရှိ စစ်ကောင်စီတပ်စခန်း (၆၇)ခုကို မဟာမိတ်တပ်များက အောက်တိုဘာလ (၃၀)ရက်နေ့အထိ တိုက်ခိုက်သိမ်းပိုက်ထားပြီဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency