လားရှိုးမြို့တွင် တစ်နေ့အတွင်း COVID 19 အတည်ပြုလူနာ (၇၀)ထပ်တိုး၍ ကုသဆောင် တိုးချဲ့ဖွင့်ရန် စီစဉ်နေရ

လားရှိုးမြို့တွင် တစ်နေ့အတွင်း COVID 19 အတည်ပြုလူနာ (၇၀)ထပ်တိုး၍ ကုသဆောင် တိုးချဲ့ဖွင့်ရန် စီစဉ်နေရ
ဇူလိုင် 3, 2021 | Covid-19| ရှမ်းမြောက်

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့နယ်အတွင်း ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၃) ရက်နေ့တွင် COVID 19 အတည်ပြုလူနာ (၇၀) ဦးထပ်တိုး၍ စုစုပေါင်းအတည်ပြုလူနာ (၅၅၂) ဦးရှိလာပြီဖြစ်ရာ ထပ်တိုးဖွင့်လှစ်ထားသည့် COVID 19 ကုသရေးစင်တာ မိုးလုံလေလုံခန်းမတွင်လည်း နေရာပြည့်သွားပြီဖြစ်ကြောင်း သိရသည်။

လားရှိုးပြည်သူ့ဆေးရုံတွင် နေရာ မလုံလောက်တော့သဖြင့် မိုးလုံလေလုံခန်းမတွင်  COVID 19 ကုသရေးစင်တာအဖြစ် ထပ်တိုးဖွင့်လှစ်ထားခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် အဆိုပါ ထပ်တိုးကုသရေးစင်တာတွင်ပါ လူပြည့်သွားသဖြင့် ပညာရေးကောလိပ်၌ ကုသရေးစင်တာထပ်တိုးဖွင့်လှစ်ရန် စီစဉ်နေကြောင်း သိရသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ဖြစ်ပွားလာသည့် COVID 19 တတိယလှိုင်းအတွင်း လားရှိုးမြို့နယ်၌ COVID 19 ကြောင့် သေဆုံးသူများလည်း ရှိနေပြီး ဇူလိုင်လ (၂) ရက်နေ့ တစ်နေ့အတွင်း (၇)ဦး သေဆုံးရခြင်းဖြစ်ပြီး ဇူလိုင်လ (၂) ရက်နေ့အထိ ဆေးရုံဆင်းနိုင်သူ (၁၅၂)ဦးရှိသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတစ်ခုလုံးတွင် လားရှိုးမြို့နယ်အတွင်း အတည်ပြုလူနာ အများဆုံးတွေ့နေရပြီး လောက်ကိုင်မှာ ဒုတိယအများဆုံးနှင့် နောင်ချိုမှာ တတိယအများဆုံး တွေ့နေရခြင်းဖြစ်သည်။

 

သိန်းနီ၊ မူဆယ်၊ တန့်ယန်း၊ မိုင်းရယ်၊ နမ့်လန်၊ သီပေါ၊ နမ္မတူ၊ ကျောက်မဲ နှင့် နောင်ပိန်ကျေးရွာ တို့တွင်လည်း အတည်ပြုလူနာများ တွေ့ရှိထားပြီးရှမ်း/မြောက် တစ်ခုလုံးတွင် ပိုးတွေ့လူနာစုစုပေါင်း ( ၁၁၅၀ )ကျော် ရှိနေပြီဖြစ်ကြောင်း သိရသည်။