ရွာငံမြို့နယ်ရှိ စစ်ကောင်စီတပ်ဖွဲ့၏ တောစခန်းနှစ်ခုကို ဒေသကာကွယ်ရေးတပ်များ တိုက်ခိုက်မီးရှို့

ရွာငံမြို့နယ်ရှိ စစ်ကောင်စီတပ်ဖွဲ့၏ တောစခန်းနှစ်ခုကို ဒေသကာကွယ်ရေးတပ်များ တိုက်ခိုက်မီးရှို့
အောက်တိုဘာ 28, 2023 | 2021 Military Coup| ရှမ်းတောင်

ရှမ်းပြည်နယ်(တောင်ပိုင်း) ရွာငံမြို့နယ်ရှိ စစ်ကောင်စီတပ်ဖွဲ့၏ မအူပင် သစ်တောစခန်းနှင့် ဂဇတ်ကြီးသစ်တောစခန်း (၂)ခုအား ဒေသကာကွယ်ရေးတပ်များက တစ်ချိန်တည်း ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ပြည်သူများ၏ လှေများအားဖမ်းဆီးကာ ငွေညစ်နေသဖြင့် အဆိုပါ စစ်ကောင်စီတပ်စခန်း (၂)ခုအား သွားရောက်တိုက်ခိုက်၍ ပြည်သူပိုင်လှေများအား ပြန်လည်ယူဆောင်ပေးခဲ့ပြီး သစ်တောစခန်းများအား မီးရှို့ဖျက်ဆီးခဲ့သည်ဟု CRC-PLA တပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

"မနေ့က ရွာငံမြို့ မအူပင်သစ်တောစခန်းနဲ့ ဂဇတ်ကြီးသစ်တောစခန်းကိုစီးနင်းခဲ့တယ်။ ဝင်စီးရတဲ့အကြောင်းရင်းက ပန်းလောင်မြစ်ဘေးက ပြည်သူ့လှေတွေကို စကစ က သိမ်းယူတဲ့ဖြစ်စဥ်မှာ မအူပင်မှာ အထိုင်ချပြီးသိမ်းယူတာဗျ။ ပြီးတော့လှေတွေကို ဂဇတ်ကြီးမှာ သိမ်းထားကြတာ။ ဆိုတော့ လှေပိုင်ရှင်တွေ စီးပွားရေးအဆင်မပြေဖြစ်ကြတယ်ဗျ။ လှေလိုချင်ရင် ငွေပေးရမယ်ပြောတော့ ဆင်းရဲ သားပြည်သူတွေဒုက္ခရောက်ရတယ်။ ကျွန်တော်တို့က စခန်းတွေသိမ်းပြီး လှေတွေပြန်ယူလာပေးတာဗျ။"ဟု CLC-PLA တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကို ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ (၁၀)ရက်နေ့က ရွာငံမြို့နယ် ပန်းလောင်မြစ်ကမ်းဘေးနေပြည်သူများ လှေများအား စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီး ငွေဖြင့် ရွေးယူမှရမည်ဟု ပြောဆိုသဖြင့် လှေပိုင်ရှင်များမှာ မရွေးနိုင်ဖြစ်နေခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency