ရှမ်းမြောက်ရှိ စစ်ရေးအဓိကကျသောနေရာများကို တိုက်ခိုက်သိမ်းပိုက်ထားကြောင်း မြောက်ပိုင်း ၃ ဖွဲ့ထုတ်ပြန်

ရှမ်းမြောက်ရှိ စစ်ရေးအဓိကကျသောနေရာများကို တိုက်ခိုက်သိမ်းပိုက်ထားကြောင်း မြောက်ပိုင်း ၃ ဖွဲ့ထုတ်ပြန်
အောက်တိုဘာ 27, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ ချင်းရွှေဟော်တံတား၊ ဟိုပန်ဒေသ ချွမ်းဟုတ်ရွာ၊ ကွမ်းလုံ၊ မုံးကိုးနှင့် လားရှို့မြို့တို့ရှိ  စစ်ရေးအဓိကကျသော နေရာအများအပြားကို မြောက်ပိုင်းညီနောင်မဟာမိတ်(၃)ဖွဲ့က တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း ညီနောင်မဟာမိတ်(၃)ဖွဲ့က သတင်းထုတ်ပြန်သည်။

လက်ရှိတွင်လည်း စခန်းသိမ်းတိုက်ပွဲများအပါအဝင် တိုက်ပွဲကြီး၊ တိုက်ပွဲငယ်များ နေရာအနှံ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဖွဲ့သည် လေကြောင်းနှင့် လက်နက်ကြီးများကို ဆက်တိုက်အသုံးပြုပြီး ခုခံနေရသဖြင့် ညီနောင်မဟာမိတ်(၃)ဖွဲ့က ၁၀၂၇ စစ်ဆင်ရေးပစ်မှတ်များအား ဆက်လက်တိုက်ခိုက်သွားမည်ဟုဆိုသည်။

မြန်မာနိုင်ငံရှမ်းပြည်နယ်အထူးဒေသ (၁)အတွင်းရှိ Online Game (ကျဖျင့်)ကုမ္ပဏီများ၊ ကိုးကန့်ရုပ်သေးအဖွဲ့ များနှင့် စစ်ကောင်စီတပ်ဖွဲများကို အမြစ်ပြတ် တိုက်ဖျက်ချေမှုန်းနိုင်ရေး၊ ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များကို ကာကွယ်နိုင်ရေး၊ မိမိကိုယ်မိမိ ခုခံကာကွယ်နိုင်ရေး၊ မိမိတို့ ဒေသကို မိမိတို့ ယခုထက် ပိုမိုထိန်းချုပ်နိုင်ရေး၊ မိမိတို့အဖွဲအစည်းများအပေါ်  စစ်ကောင်စီမှ လေကြောင်း၊ လက်နက်ကြီးများဖြင့် နေ့၊ ည အချိန်မရွေး ပစ်ခတ်တိုက်ခိုက်နေမှုများအပေါ် ဟန့်တားမှုရရှိနိုင်ရေး၊ မြန်မာပြည်သူတစ်ရပ်လုံး၏ လိုလားချက်ဖြစ်သော စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးတို့အတွက် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၇)ရက်နေ့ နံနက်ပိုင်းက စတင်ကာ MNDAA၏ တပ်မဟာ(၂၁၁)၊ (၅၁၁)၊ (၆၁၁)တို့က ချင်းရွှေဟော်၊ ကွမ်းလုံ၊ မုံးကိုး၊ လားရှိုး၊ နန်ကျွမ်း ဒေသများရှိ စစ်ကောင်စီတပ်စခန်းများအား တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။

#TachileikNewsAgency