နမ့်ခမ်းရှိ စစ်ကောင်စီတပ်စခန်းနှစ်ခုကို TNLA သိမ်းပြီး လားရှိုးမြို့ရှိ စစ်ကောင်စီတပ်စခန်းများကို တော်လှန်ရေးတပ်များ တိုက်ခိုက်နေသဖြင့် စစ်ကောင်စီတပ်က လေကြောင်းမှပစ်ကူနေရ

နမ့်ခမ်းရှိ စစ်ကောင်စီတပ်စခန်းနှစ်ခုကို TNLA သိမ်းပြီး လားရှိုးမြို့ရှိ စစ်ကောင်စီတပ်စခန်းများကို တော်လှန်ရေးတပ်များ တိုက်ခိုက်နေသဖြင့် စစ်ကောင်စီတပ်က လေကြောင်းမှပစ်ကူနေရ
အောက်တိုဘာ 27, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ခမ်းမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း(၂)ခုကို တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က ယနေ့ ၂၀၂၃ခုနှစ် အောက်တိုဘာလ (၂၇)ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း TNLAထံမှ သိရသည်။

နမ့်ခမ်း-နမ့်ဖတ်ကာလမ်းရှိ စစ်ကောင်စီတပ်ဖွဲ့၏ (၁၃)မိုင်စခန်းနှင့် မိုက်ခရိုဝိတ်တပ်စခန်း(၂)ခုကို TNLAက တိုက်ခိုက်သိမ်းပိုက်လိုက်ခြင်းဖြစ်ပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့ပြီး လပ်နက်ခဲယမ်း မည်မျှသိမ်းဆည်းရရှိကြောင်းကိုမူ TNLAဘက်က ထုတ်ပြန်ခြင်းမရှိသေးပါ။ 

ထွက်ပေါ်လာသည့် ရုပ်သံမှတ်တမ်းတွင် စစ်ကောင်စီတပ်သား အများအပြားသေပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိထားသည်ကို တွေ့ရသည်။

လက်ရှိတွင် စစ်ကောင်စီတပ်နှင့် မြောက်ပိုင်းညီနောင်မဟာမိတ်(၃)ဖွဲ့တို့သည် ရှမ်းမြောက်ရှိ သိန္နီ၊ လားရှိုး၊ ကွတ်ခိုင်နဲ့ မူဆယ်၊ ချင်းရွှေဟော်မြို့တို့တွင် တိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီတပ်ဘက်က လေကြောင်းနှင့် လက်နက်ကြီးပစ်ကူဖြင့် ပစ်ခတ်တိုက်ခိုက်နေသည်ဟု သိရသည်။

လားရှိုးမြို့ရှိ ဒေသခံတစ်ဦး၏ Tachileik News Agencyကို ပြောကြားချက်အရ လားရှိုးမြို့ပြင် ပန်စုံ၊ ကောင်းဟော်ရှိ စစ်ကောင်စီတပ်စခန်းများကိုလည်း တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်နေပြီး လားရှိုးမြို့ပတ်လည်တွင်လည်း တော်လှန်ရေးတပ်များက နေရာယူထားသဖြင့် စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်နေသည်ဟု ဆိုသည်။

“အခြေအနေက အခုထိပစ်နေတုန်း။ တစ်ချက်တစ်ချက် အကြီးကြီးကျတယ်။ လေကြောင်းကနေပစ်နေတာ သုံးခါလောက်ရှိတယ်။ ချင်းရွှေဟော်ဘက်ဆို ပန်လော့ဘက်၊ လားရှိုးဘက်က‌ဆို ပန်စုံ၊ ကောင်းဟော်တို့ဘက်ကို ပစ်နေတာ။ ပန်စုံနဲ့ ကောင်းဟော်မှာက စစ်တပ်စခန်းတွေရှိတယ်။”ဟု ၎င်းကဆက်ပြောသည်။

လက်ရှိတွင် ချင်းရွှေဟော်ရှိ စစ်တပ်ဗျူဟာကုန်း၊ ဖောင်ဆိပ်စခန်း၊ မြို့အဝင်တပ်ဂိတ်အပါအဝင် စစ်ကောင်စီတပ်စခန်းများကို MNDAA က သိမ်းပိုက်ကာ ချင်းရွှေဟော်မြို့ကိုလည်း ထိန်းချုပ်ထားပြီဖြစ်ကြောင်း သိရသည်။

မြောက်ပိုင်းညီနောင်မဟာမိတ်(၃)ဖွဲ့က ၁၀၂၇ စစ်ဆင်ရေးကို ပူးပေါင်းဆင်နွှဲမည်ဖြစ်ကြောင်း ယနေ့တွင် ကြေညာချက်ထုတ်ပြန်ထားသည်။

#TachileikNewsAgency