ပဲခူးမြစ်ရေ ဆက်လက်မြင့်တက်နေသဖြင့် ပဲခူး-ရန်ကုန်တိုးဂိတ်တွင် ကားငယ်များ ဖြတ်သန်းခွင့်မပြုဘဲ ယာယီပိတ်ထား

ပဲခူးမြစ်ရေ ဆက်လက်မြင့်တက်နေသဖြင့် ပဲခူး-ရန်ကုန်တိုးဂိတ်တွင် ကားငယ်များ ဖြတ်သန်းခွင့်မပြုဘဲ ယာယီပိတ်ထား

ပဲခူးတိုင်း ပဲခူးမြို့တွင်း၌ ပဲခူးမြစ်ရေ စိုးရိမ်ရေအမှတ်ကျော်လွန်ကာ ပဲခူး-ရန်ကုန် အဝေးပြေးကားလမ်းဟောင်းအထိ မြင့်တက်နေသဖြင့် ပဲခူး-ရန်ကုန်တိုးဂိတ်တွင် ကားငယ်များ ဖြတ်သန်းခွင့်မပြုဘဲ ယာယီပိတ်ထားကြောင်း သိရသည်။

ပဲခူးမြစ်ရေသည် ၂၀၂၃ခုနှစ် ဩဂုတ်လ (၉)ရက်နေ့ ညပိုင်းကစတင်ကာ ရေမြင့်တက်လာခဲ့ခြင်းဖြစ်ပြီး ရပ်ကွက်အများစု ရေနှစ်မြှုပ်နေကာ ပဲခူး-ရန်ကုန် အဝေးပြေးကားလမ်းဟောင်းတွင်လည်း ရေမြင့်တက်နေခြင်းကြောင့် ယနေ့ဩဂုတ်လ (၁၁)ရက်နေ့အထိ ပဲခူ-ရန်ကုန်တိုးဂိတ်တွင် ကားငယ်များ ဖြတ်သန်းခွင့်ပိတ်ထားခြင်းဖြစ်ကြောင်း သိရသည်။

“ပဲခူး-ရန်ကုန်ကတိုးဂိတ်မှာ ရေကျော်နေလို့ ကားသေးတွေပေးမဖြတ်ဘူး။ ကုန်ကားကြီးတွေတော့ ဖြတ်လို့ရတယ်။ ရေက ဒီနေ့အထိ တန့်နေတယ်။ မနေ့ညနေကတော့ ရေနည်းနည်းထပ်တက်တယ်။ မိုးကလည်း အရမ်းရွာတော့။”ဟု ပဲခူးမြို့မှ ဒေသခံတစ်ဦးက Tachileik News Agencyကို ပြောသည်။

လက်ရှိတွင် ကားအများစုမှာ ပဲခူးမြို့ရှောင်လမ်းမှ သွားလာနေကြရပြီး ကျောက်ကြီးစု၊ ဇိုင်းတောင်၊ ဇိုင်းမြောက်၊ ရွှေသာလျောင်းအနီးဝန်းကျင်၊ ကလျာဏီ၊ ခေါင်းဆေးကျွန်း အနီးဝန်းကျင်တို့တွင် ရေမြှုပ်နေဆဲဖြစ်ကြောင်း သိရသည်။

“လူသေတာတော့ မကြားမိသေးဘူး။ ဒေသခံတွေက ပြောင်းတာကတော့ ပြောင်းနေတာ မနေ့ထဲကပဲ။ ကျောက်ကြီးစုတို့ အပိုင်းတွေက လူတရပ်လောက် ရေမြှုပ်နေတာ။”ဟု ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိတွင် မြို့အတွင်းမှ မြို့သစ်ဘက်ကိုသွားမည်ဆိုပါက မြို့ဦးကင်းတံတားကိုဖြတ်ကာ သွားနိုင်ပြီး ပဲခူးမြို့၌ လျှပ်စစ်မီးများ ဖြတ်ထားဆဲဖြစ်သည်ဟုလည်း သိရသည်။

ပဲခူးမြို့အပြင် ရခိုင်ပြည်နယ်ရှိ မြို့နယ်များ၊ မွန်ပြည်နယ်၊ ဘီးလင်းမြို့၊ ကရင်ပြည်နယ်၊ ဘားအံ၊ လှိုင်းဘွဲ၊ ကော့ကရိတ်၊ ကြာအင်း ဆိပ်ကြီးစသည့် မြို့နယ်များတွင်လည်း ရေကြီးရေလျှံခြင်းများ ဖြစ်ပေါ်နေသည်ဟု သိရသည်။

#TachileikNewsAgency