အပစ်ရပ်ထားသည့် TNLA တပ်စခန်းကို စစ်ကောင်စီ လက်နက်ကြီးနှင့်ပစ်

အပစ်ရပ်ထားသည့် TNLA တပ်စခန်းကို စစ်ကောင်စီ လက်နက်ကြီးနှင့်ပစ်

ညီနောင်(၃)ဖွဲ့နှင့် အပစ်အခတ်ရပ်စဲထားရာမှ ၂၀၂၄ ခုနှစ် မေလ(၄)ရက်နေ့ ညပိုင်းတွင် စစ်ကောင်စီတပ်က TNLA တပ်စခန်းကို လက်နက်ကြီးနှင့် ပစ်ခတ်ခဲ့ကြောင်း TNLA ထံမှ သိရသည်။

မိုးကုတ်မြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ ခလရ(၁၄၈)နှင့် ခလရ(၇၁)က ဖြူရောင်ကျေးရွာမှနေ၍ ညောင်ကုန်းကျေးရွာရှိ TNLA တပ်စခန်းကို လက်နက်ကြီး (၄)လုံးအပြင် လက်နက်ငယ်များဖြင့်ပါ ပစ်ခတ်ခဲ့သည်ဟု သိရသည်။

ပစ်ခတ်မှုကြောင့် ဖြူရောင်ကျေးရွာနှင့် ညောင်ကုန်းကျေးရွာအကြားသို့ ကျရောက်ပေါက်ကွဲခဲ့သည်ဟု ဆိုသည်။ 

ပြီးခဲ့သည့် ၂၀၂၄ ဇန်နဝါရီလ (၁၁)ရက်နေ့တွင် တရုတ်၏ကြားဝင်စေ့စပ်မှုဖြင့် စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ်(၃)ဖွဲ့တို့အကြား ယာယီအပစ်ရပ်ရန် သဘောတူစာချုပ် ချုပ်ဆိုထားခြင်း ဖြစ်သည်။

အပစ်ရပ်ပြီးနောက်ပိုင်း စစ်ကောင်စီတပ်က ညီနောင်မဟာမိတ်တပ်စခန်းရှိသည့် နေရာများသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းအသုံးပြုကာ လာရောက်ဗုံးကြဲခြင်းများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

ပြီးခဲ့သည့် ဧပြီလ(၂၇) ရက်နှင့် (၂၈)ရက်နေ့ကလည်း စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် (၆)ကြိမ်ပစ်ခတ်ခဲ့ရာ သုံးဆယ်ကျေးရွာမှ အသက်(၆၀)အရွယ်အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ်(၂)လုံး ပျက်ဆီးခဲ့ကြောင်း သိရသည်။

#TachileikNewsAgency