လားရှိုး-ချင်းရွှေဟော်နှင့် လားရှိုး-မူဆယ်လမ်းမတို့ကို အရေးပေါ်ပိတ်ဟု MNDAA အသိပေး

လားရှိုး-ချင်းရွှေဟော်နှင့် လားရှိုး-မူဆယ်လမ်းမတို့ကို အရေးပေါ်ပိတ်ဟု MNDAA အသိပေး
အောက်တိုဘာ 27, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုး-ချင်းရွှေဟော်နှင့် လားရှိုး-မူဆယ်လမ်းမတို့ကို အရေးပေါ်ပိတ်ကြောင်း မြန်မာ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)က ယနေ့ ၂၀၂၃ခုနှစ် အောက်တိုဘာလ (၂၇)ရက်နေ့ တွင် သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်ဖွဲ့များကို အမြစ်ပြတ်တိုက်ခိုက်ချေမှုန်းရန်၊ လောက်ကိုင်မြို့နယ်ရှိ ကျဖျင့်ကုမ္ပဏီများကို တိုက်ဖျက်ရှင်းလင်းရန်၊ ကျဖျင့်ကုမ္ပဏီများကို ကာကွယ်ပေးနေသော နောက်ကွယ်အင်အားစုများကို လားရှိုးမှတဆင့် စစ်အင်အားတိုးချဲ့လာမည်ကို ဟန့်တားရန်အတွက် ပိတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါလမ်းမကြီးနှစ်ခုကို ယနေ့ အောက်တိုဘာလ (၇)ရက်နေ့ နံနက်(၆)နာရီမှစတင်ပြီး အရေးပေါ်ပိတ်ပင်လိုက်ပြီး ၎င်းအချိန်အတွင်း မည်သည့်ယာဉ်တန်းမှ မည်သည့်အကြောင်းပြချက်ဖြင့် ဖြတ်သန်းသွားလာခွင့် ပြုမည်မဟုတ်ကြောင်း ထုတ်ပြန်ထားသည်။

ပြည်ထောင်စုလမ်းမကြီးကို အရေးပေါ်ပိတ်ထားသောအချိန်အတွင်း၌ အသိပေးမှုကို မလေးစားမလိုက်နာဘဲ ဆက်လက်ဖြတ်သန်းသွားလာနေမည်ဆိုပါက ရန်သူ၏သယ်ယူပို့ဆောင်ရေးယာဉ်တန်းအဖြစ် သတ်မှတ်အရေးယူမည်ဟုလည်း ထုတ်ပြန်ထားသည်။

ထို့အပြင် ညီနောင်မဟာမိတ်(၃)ဖွဲ့များပေါင်း၍ ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များကို ကာကွယ်နိုင်ရေး၊ မိမိကိုယ် မိမိ ခုခံကာကွယ်နိုင်ရေး၊ မိမိတို့ ဒေသကို မိမိတို့ ယခုထက်ပိုမိုထိန်းချုပ်နိုင်ရေး၊ အဖွဲ့အစည်း အပေါ် စစ်ကောင်စီမှ လေကြောင်း၊ လက်နက်ကြီးများဖြင့် နေ့၊ ည အချိန်မရွေး ပစ်ခတ်တိုက်ခိုက်နေမှုများအပေါ် ဟန့်တားမှုရှိနိုင်ရေး၊ မြန်မာပြည်သူတစ်ရပ်လုံး၏ လိုလားချက်ဖြစ်သော စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေး၊ လက်ရှိ တရုတ်-မြန်မာနယ်စပ်အပါအဝင် မြန်မာနိုင်ငံအတွင်း ကျယ်ပြန့်လာသည့် အွန်လိုင်းလောင်းကစား လိမ်လည်မှု ပပျောက်ရေးနှင့် အဆိုပါလုပ်ငန်းများကို လုပ်ဆောင်နေသော စစ်ကောင်စီနှင့် ပြည်သူ့စစ်အဖွဲ့များကို နှိမ်နင်းနိုင်ရေးရည်ရွယ်၍ ၁၀၂၇ စစ်ဆင်ရေးကိုလည်း ယနေ့တွင် ကြေညာလိုက်သည်။

#TachileikNewsAgency