ကိုးကန့်ဒေသရှိ စစ်ကောင်စီတပ်စခန်းများကို MNDAA ဆက်လက်သိမ်းယူနေပြီး မော်ထိုက်ဒေသတွင် စစ်ကောင်စီ၏ တပ်စခန်းများအားလုံး အပြီးရှင်းလင်းနိုင်ခဲ့ပြီဟုဆို

ကိုးကန့်ဒေသရှိ စစ်ကောင်စီတပ်စခန်းများကို MNDAA ဆက်လက်သိမ်းယူနေပြီး မော်ထိုက်ဒေသတွင် စစ်ကောင်စီ၏ တပ်စခန်းများအားလုံး အပြီးရှင်းလင်းနိုင်ခဲ့ပြီဟုဆို
နိုဝင်ဘာ 17, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း  ကိုးကန့်ဒေသရှိ စစ်ကောင်စီတပ်စခန်းများကို ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၁၅)ရက်နေ့နှင့် (၁၆)ရက်နေ့တို့တွင် MNDAA က ဆက်လက်တိုက်ခိုက်သိမ်းယူနိုင်ခဲ့ပြီး ယနေ့တွင်လည်း တိုက်ပွဲများ ဆက်ဖြစ်နေကြောင်း သိရသည်။

နိုဝင်ဘာလ (၁၅)ရက်နေ့တွင် MNDAAသည် ကိုးကန့်ခရိုင် ဟုန်ရှင်း(မော်ထိုက်)ဒေသ၊ မော်ထိုက်ရွာအနီးရှိ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်ပြီး ဟုန်အိုင်လွတ်မြောက်ဒေသနှင့် မော်ထိုက်ဒေသ၏ကြားနေရာရှိ စစ်ကောင်စီတပ်စခန်း၊ တုန်းရှမ်းဒေသ လောက်မှုကျူတောင်ကုန်းရှိ စစ်ကောင်စီတပ်စခန်းတို့ကို တိုက်ခိုက် သိမ်းပိုက်ခဲ့သည်ဟု သိရသည်။

ယင်းနေ့တွင်ပင် ရှင်းဖျင်ကိုင် လျှံဖုန်ရွှေ၊ မော်ထိုက်စိုင်းကျောက်ရှမ်နှင့် တလင်ကဲတောင်ကုန်းရှိ စစ်ကောင်စီစခန်းနှင့် ဗျူဟာကုန်းများကို တစ်ခုချင်းစီ သိမ်းပိုက်နိုင်ခဲ့ပြီး မော်ထိုက်တာလျံတောင်ရှိ စစ်ကောင်စီစခန်းကိုလည်း တိုက်ခိုက်သိမ်းယူနိုင်ခဲ့ကာ လက်နက်ခဲယမ်းအချို့လည်း သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

လက်ရှိ မော်ထိုက်ဒေသတွင် စစ်ကောင်စီ၏ တပ်စခန်းများအားလုံး အပြီးရှင်းလင်းနိုင်ခဲ့ပြီး ကိုးကန့်ခရိုင်၏ မြောက်ပိုင်းနယ်မြေဧရိယာ ကိုဟုန်ရှင်းဒေသ မော်ထိုက်နှင့် ချုံကန်အထိ ချဲ့ထွင်နိုင်ခဲ့သည်ဟု သိရသည်။

နိုဝင်ဘာလ (၁၆)ရက်နေ့တွင် ကိုးကန့်တုန်းရှမ်းဒေသ ခုတ်ထန်နေရာရှိ စစ်ကောင်စီတပ်စခန်းကို ထပ်မံသိမ်းပိုက်နိုင်ခဲ့ပြီး ၁၀၂၇ စစ်ဆင်ရေး၏ (၂၁)ရက်နေ့မြောက်တွင် စစ်ကောင်စီ၏ တပ်စခန်း(၁၅၀)ကျော်ကို သိမ်းပိုက်နိုင်ခဲ့ကာ လက်နက်ခဲယမ်းများကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Photo : The Kokang