မကွေးတိုင်းဒေသကြီအတွင်း တစ်နေ့တည်း Covid-19 အတည်ပြုလူနာ (၆၁)ဦးတိုး 

မကွေးတိုင်းဒေသကြီအတွင်း တစ်နေ့တည်း Covid-19 အတည်ပြုလူနာ (၆၁)ဦးတိုး 
ဇန်နဝါရီ 27, 2021 | Covid-19| အခြားဒေသများ

မကွေးတိုင်းဒေသကြီးအတွင်း နေ့စဉ်နှင့်အမျှ ကိုဗစ်လူနာများ ထပ်တိုးတွေ့ရှိလျှက်ရှိနေရာ ဇန်ဝါရီလ (၂၆)ရက် တစ်နေ့တည်းတွင်ပင် ကိုဗစ်အတည်ပြုလူနာ(၆၁)ဦး ထပ်တိုးတွေ့ရှိပြီး မကွေးမြို့မှပင်(၃၉)   ဦးအထိ စံချိန်တင်တွေ့ရှိသည့်အတွက် သက်ဆိုင်ရာများအနေဖြင့် တင်းတင်းကြပ်ကြပ် ဆောင်ရွက်ရန်လိုအပ်နေပြီဖြစ်ကြောင်း  သိရသည်။

“မကွေးမြို့ပေါ် ရပ်ကွက်တွေအနှံ့မှာ Positive Contact တွေ၊ အနံ့ပျောက်လူနာတွေ နေ့စဉ်တွေ့နေရပြီး ဒီနေ့ဆို  မကွေးက (၃၉)ဦးတောင် စံချိန်တင်တွေ့ရှိတာကြောင့် ဆေးရုံတွေမှာ မဆံ့တော့လို့ TTC Quarantine Centre မှာ Positive Centre အဖြစ် ပိုးတွေ့လူနာတွေ ထားရှိလိုက်တယ်လို့ သိရတယ်။ ဒီနေ့ မြို့မှာရှိတဲ့ ပရဟိတအသင်းတွေက လူနာသယ်ယာဉ်တွေ အကုန်ထွက်ပြီး တစ်နေကုန် အခေါက် ခေါက်အခါခါ သယ်ပို့လုပ်နေကြရတာ တွေ့နေရလို့ မြို့ခံလူတွေလည်း အတော်ခြောက်ခြားနေကြပြီး သက်ဆိုင်ရာက အမိန့်ကြေညာချက် ထုတ်ပြန်ပြီး တင်းကြပ်စေချင်နေကြတယ်” ဟု ယနေ့ Positive လူနာ (၁၁)ဦး တွေ့ရှိခဲ့သည့် သိင်္ဂါဂီရိရပ်ကွက်နေသူ တစ်ဦးက ပြောသည်။

ဇန်နဝါရီလ (၂၆)ရက် ညပိုင်းအထိ အတည်ပြုလူနာ (၆၁)ဦး ထပ်တိုးတွေ့ရှိရကာ မကွေးမြို့ တစ်မြို့တည်းကပင် အတည်ပြုလူနာ (၃၉)ဦး အထိ စံချိန်တင်တွေ့ရှိခဲ့ခြင်းဖြစ်ဖြစ်ပြီး တိုင်းဒေသကြီးအတွင်း ကိုဗစ်လူနာ စုစုပေါင်း (၃,၂၉၉)ဦးအထိရှိလာကာ  ကိုဗစ်ပိုးတွေ့လူနာ (၁)ဦး ထပ်မံသေဆုံးသဖြင့် သေဆုံးသူစုစုပေါင်း (၁၃)ဦးအထိရှိလာပြီး ဇန်ဝါရီလ တစ်လတည်း၌ သေဆုံးသူ (၆)ဦးရှိခဲ့ကြောင်း သိရသည်။

“ဒီနေ့ မကွေးမှာ Positive Contact (၂၀၀)လောက် စုစစ်တာဖြစ်လို့ Positive လူနာများလာတာကြောင့် TTC Quarantine Centre မှာ Positive Centre အဖြစ် (၂၃)ဦး စတင်ထားရှိပြီး အသက်ကြီးသူနဲ့ ကလေးတွေကိုတော့ ဆေးရုံပို့ပါတယ်”ဟု Positive Contact နှင့် Positive လူနာများကို သယ်ဆောင်ပေးနေ သည့် KS Rescue Magway ဦးဆောင်သူ ကိုစည်ဖြိုးသူ က ဇန်နဝါရီလ(၂၆)ရက်နေ့က ပြောသည်။

 

မကွေးတိုင်းဒေသကြီးအတွင်း၌ အတည်ပြုလူနာနှင့်ထိတွေ့၍ ကူးစက်ခံရသူ၊ အနံ့ပျောက်လက္ခဏာဖြင့် အတည်ပြုလူနာဖြစ်ခဲ့သူများ တိုးပွားတွေ့ရှိနေရ၍ ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ လိုက်နာနေထိုင် သွားလာ ကြရန် မကွေးတိုင်း ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီး ဌာန မှ တိုက်တွန်းလျှက်ရှိနေသည်။

သတင်း - ဖီးနစ်

ဓာတ်ပုံ - Si Phyo Thu

 

ဖီးနစ်သည် Tachileik News Agency ၏ မကွေးတိုင်းဒေသကြီးအတွင်းအခြေစိုက်သည့် အကြီးတန်းသတင်းထောက်...