ပန်ဆိုင်းမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းကို KIA တိုက်ခိုက်

ပန်ဆိုင်းမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းကို KIA တိုက်ခိုက်
အောက်တိုဘာ 19, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) ပန်ဆိုင်းမြို့နယ်၊ ဝိန်းလားတောင်ရှိ စစ်ကောင်စီ၏ ဗျူဟာကုန်းစခန်းကို KIA တပ်ဖွဲ့က ယနေ့ ၂၀၂၃ခုနှစ် အောက်တိုဘာလ (၁၉)ရက်နေ့ နံနက်ပိုင်းတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း KIAနှင့်နီးစပ်သူများထံမှ သိရသည်။

 

ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးသူများသဖြင့် လေကြောင်းပစ်ကူများအပြင် လက်နက်ကြီးပစ်ကူများပေးကာ ဆုတ်ခွါနေကြောင်း KIAနှင့်နီးစပ်သူ ပြောကြားချက်အရ သိရသည်။

စစ်ကောင်စီတပ်ဖွဲ့သည် အထိနာသဖြင့် ရဟတ်ယာဉ်တစ်စီးဖြင့် (၅)ကြိမ် လာရောက်ပစ်ခတ်ခဲ့ပြီး တိုက်လေယာဉ်တစ်စီးဖြင့်လည်း လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကာ ယနေ့ညနေပိုင်းအထိ တိုက်ပွဲဖြစ်ပွားနေသဖြင့် အသေးစိတ်အချက်အလက်ကိုမူ မသိရသေးပါ။

ဝိန်းလားတောင် စစ်ကောင်စီစခန်းသည် တရုတ်-မြန်မာနယ်စပ် ပန်ဆိုင်းမြို့နယ်၊ မုံးကိုးမြိုနယ်နှင့် ကွတ်ခိုင်မြို့နယ်များရှိ စစ်ကောင်စီစခန်းများအတွက် ဆက်သွယ်ထောက်ပို့လုပ်ငန်း လုပ်ဆောင်ပေးနေသော စခန်းကုန်းဖြစ်သည်ဟု ၎င်းက Tachileik News Agencyကို ပြောသည်။ 

ပြီးခဲ့သည့် အောက်တိုဘာလ(၁၈)ရက်နေ့ကလည်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် PDF ပူးပေါင်းတပ်ဖွဲ့များသည် ရွှေကူမြို့နယ်အခြေစိုက် ခမရ(၆၀၂) အထိုင်တပ်စခန်းကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ထံမှ လက်နက်ခဲယမ်းများစွာကို သိမ်းဆည်းရရှိခဲ့သည်။

#TachileikNewsAgency