TNLA နှင့် စစ်ကောင်စီတပ်တို့ တနေ့တည်း နေရာ(၅)နေရာတွင် တိုက်ပွဲ ဖြစ်ပွား

TNLA နှင့် စစ်ကောင်စီတပ်တို့ တနေ့တည်း နေရာ(၅)နေရာတွင် တိုက်ပွဲ ဖြစ်ပွား
အောက်တိုဘာ 14, 2023 | 2021 Military Coup| ရှမ်းမြောက်

မန္တလေးတိုင်း  မိုးကုတ်မြို့နယ် နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တို့တွင်  တစ်နေ့တည်း အာဏာသိမ်း စစ်ကောင်စီတပ်နှင့် တိုက်ပွဲ (၅)နေရာ ဖြစ်ပွားခဲ့ကြောင်း TNA က ယနေ့ ၂၀၂၃ခုနှစ် အောက်တိုဘာလ(၁၄)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်( Ta’ang National Liberation Army  - TNLA) နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့ အောက်တိုဘာလ(၁၃)ရက်နေ့က မိုးကုတ် နှင့် ကွတ်ခိုင်မြို့နယ်တို့အတွင်း နေရာပေါင်း (၅)နေရာတွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ 



 တိုက်ပွဲနေရာများအနေဖြင့် ကွတ်ခိုင်မြို့နယ်အတွင်း ရူခင်းသာဘက်တွင် တစ်ကြိမ်၊ နမ့်ကတ်ကျေးရွာဘက်တွင် တစ်ကြိမ်၊ လိုင်ရွှေကျေးရွာဘက်တွင် တစ်ကြိမ် စစ်ကောင်စီတပ်၏ စကခ(၁၇)၊ ခမရ(၅၇၇) တို့က စစ်ကား (၂၄)စီးဖြင့် ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် မိုးကုတ်မြို့နယ်အတွင်း အထက်ညောင်ကုန်းနှင့် ဖြူရောင်ကျေးရွာကြားတွင် တစ်ကြိမ် စစ်ကောင်စီတပ် ခလရ (၄၄)၊ (၈၈)၊ (၁၀၂)၊ (၁၀၄)တို့က လာရောက်ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် နေ့လယ်ပိုင်းတွင် အထက်ညောင်ကုန်းနှင့် အောက်ညောင်ကုန်းကျေးရွာကြားသို့ စစ်ကောင်စီတပ်မှ လက်နက်ကြီး အကြိမ်ရေ (၂၀)ကျော်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်နှင့် TNLA တို့သည် အောက်တိုဘာလအတွင်း (၁၃)ရက်နေ့ထိ တိုက်ပွဲ (၈)ကြိမ် ထပ်မံဖြစ်ပွားခဲ့ပြီး ရှမ်းမြောက်ဒေသတွင် ပြီးခဲ့သည့် ဇူလိုင်လမှစတင်၍အောက်တိုဘာလ(၁၃) ရက်နေ့ထိ တိုက်ပွဲ (၇၅) ကြိမ် ဖြစ်ပွားခဲ့ကြောင်း TNLA ထံမှ သိရသည်။

ထို့ပြင် စစ်‌ကောင်စီတပ်ဖွဲ့၏ လွယ်ကျယ်လောက်၊ ၁၀၅ မိုင်၊ သိန္နီတပ်စခန်း၊ နမ့်ဖက်ကာ (၁၂၃)တပ်စခန်းနှင့် မိုးကုတ်တပ်စခန်းတို့မှ TNLA ရှိရာသို့ နေ့စဥ်လက်နက်ကြီးဖြင့် အကြိမ်ရေ (၄၀၀) ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟုလည်း သိရသည်။