ဝက်လက်နှင့် ရွှေဘိုတွင် စစ်ကောင်စီတပ်စခန်းနှင့် စစ်ကြောင်းကို PDF တပ်များ နှစ်ရက်ဆက်တိုက်ခိုက် 

ဝက်လက်နှင့် ရွှေဘိုတွင် စစ်ကောင်စီတပ်စခန်းနှင့် စစ်ကြောင်းကို PDF တပ်များ နှစ်ရက်ဆက်တိုက်ခိုက် 
အောက်တိုဘာ 12, 2023 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် လှတောကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို  ပြီးခဲ့သည့် ၂၀၂၃ခုနှစ် အောက်တိုဘာလ (၁၀)ရက်နေ့ ညနေပိုင်းတွင် ဒေသကာကွယ်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ -ပကဖထံမှ သိရသည်။

အဆိုပါစစ်ကောင်စီတပ်စခန်းကို ဒေသကာကွယ်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီ တပ်ဖွဲ့များ အထိနာသဖြင့် ညပိုင်းတွင် ရွှေဘိုဘက်မှ သံချပ်ကာကား(၃)စီးနှင့်အတူ စစ်ကူရောက်လာခဲ့သည်ဟု သိရသည်။

ယင်းစစ်ကူစစ်ကြောင်းကို ဒေသကာကွယ်ရေးတပ်များက ရွှေဘိုမြို့တောင်ဘက် ဇီးတောရွာအနီးတွင် မိုင်း(၁)ပွိုင့်၊ စိုင်နိုင်လေးနှင့် စိုင်နိုင်ကြီးရွာကြားတွင် မိုင်း(၃)ပွိုင့်၊ သားနားနှင့် မောက်ကြိုးရွာကြားအရောက်တွင် မိုင်း(၄)ပွိုင့်တို့ဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မိုင်းဆွဲတိုက်ခိုက်မှု‌များကြောင့် စစ်ကောင်စီတပ်ဖွဲ့ ကားတစ်စီး ထိခိုက်ပျက်စီးသွားခဲ့ပြီး ရှေ့ဆက်မတိုးနိုင်ဘဲ ယင်းနေရာတွင်ပင် ကင်းပုန်းချ ညအိပ်ပြီးနောက်‌ အောက်တိုဘာလ (၁၁)ရက်နေ့တွင် လှတောကျေးရွာဖက်သို့ ပစ်ခတ်ဝင်ရောက်ကာ မီးရှို့ခဲ့သည်ဟု သိရသည်။ 

လှတောကျေးရွာအား မီးရှို့ဖျက်စီးကာ ရွှေဘိုမြို့သို့ ဦးတည်လာစဉ် ဒေသကာကွယ်ရေးအဖွဲ့များက စိုင်နိုင်ကြီးနှင့် စိုင်နိုင်လေးရွာကြားအရောက်တွင် မိုင်း(၃)ပွိုင့်၊ ရွှေဘိုမြို့နယ် ဘုန်းဘွဲ့ကျေးရွာအနီးတွင် မိုင်း(၉)ပွိုင့်၊ ဘုန်းဘွဲ့ရွာမြောက်ဖက် ရွာသစ်ကျေးရွာအနီးတွင် မိုင်း(၅)ပွိုင့် တို့ဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။ 

မိုင်းဆွဲတိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးသူရှိပြီး တိုက်ခိုက်မှုကို ဝက်လက်မြို့နယ် စိုင်နိုင်တိုက်နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပ.က.ဖ)မှဦးဆောင်ခဲ့ပြီး ပကဖတပ်ဖွဲ့(၁၁)ဖွဲ့ ၊ ရွှေဘိုခရိုင်တပ်ရင်း(၂၃)တပ်ခွဲ(၁)၊ ‌ရွှေဘိုမြို့နယ်မှ တိုက်နယ်ပကဖ (၃)ဖွဲ့၊ LPDF(၂)ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency