ပေါက်နှင့် မြိုင်မြို့နယ်တွင် စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်များ ဒရုန်းများအသုံးပြု တိုက်ခိုက်

ပေါက်နှင့် မြိုင်မြို့နယ်တွင် စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်များ ဒရုန်းများအသုံးပြု တိုက်ခိုက်
အောက်တိုဘာ 9, 2023 | 2021 Military Coup| အခြားဒေသများ

မကွေးတိုင်း ပေါက်နှင့် မြိုင်မြို့နယ်တို့တွင် စစ်ကောင်စီတပ်ဖွဲ့ကို ပြီးခဲ့သည့် ၂၀၂၃ခုနှစ် အောက်တိုဘာလ (၅)ရက်နေ့မှစတင်ကာ အောက်တိုဘာလ (၈)ရက်နေ့အထိ ဒေသကာကွယ်ရေးတပ်ဖွဲ့များက ဒရုန်းများအပါအဝင် လက်နက်ကြီးများအသုံးပြု၍ တိုက်ခိုက်ခဲ့ကြောင်း မြိုင်ပကဖထံမှ သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ (၅)ရက်နေ့ နံနက်ပိုင်းက ပေါက်မြို့နယ် အုန်းတောမြောက်စုသို့ ပခုက္ကူမြို့မှ ထွက်လာသော စစ်ကောင်စီတပ်ဖွဲ့၏ အစီး(၇၀)ပါသည့် ယာဉ်တန်းအား ရော့ကဒ် (၁၀)ဗူးနှင့် Drop Bomb(၁၀)လုံးဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က (၆၀)မမများဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီတပ်များရောက်နေသည့် ယာကြီးပြင်ရွာ ပျူစောထီးစခန်းကိုလည်း Drop Bomb(၂၄)လုံး၊ ရော့ကဒ် (၆)လုံးဖြင့် နေ့လယ်ပိုင်းတွင် ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

အောက်တိုဘာလ (၆)ရက်နေ့ နံနက်ပိုင်းတွင် အုန်းတောမြောက်စုတွင် အင်အား(၅၀)ကျော်ဖြင့် တက်လာသော စစ်ကောင်စီတပ်ဖွဲ့ကို Drop Bomb (၂၄)လုံးဖြင့် တိုက်ခိုက်ခဲ့သည့်အပြင် ယာကြီးပြင်ကျေးရွာအနီးတွင်လည်း မော်တော်ယာဉ်အစီး(၇၀)ဝန်းကျင်အား Drop Bomb (၂၈)လုံးချ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သည်ဟု သိရသည်။

ယင်းနေ့ နေ့လယ်ပိုင်းတွင် ယာကြီးပင်ရွာ ပျူစောထီးစခန်းသို့ ရော့ကဒ် (၁၀)ဗူး၊ Drop Bomb (၁၂)လုံးဖြင့် ထပ်မံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဘက်က လက်နက်ကြီး (၄)ချက်ဖြင့် ပြန်လည်ပစ်ခတ်ခဲ့သည်ဟု သိရသည်။ 

အောက်တိုဘာလ (၇)ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီးများသည် လမ်းရှင်းလင်းနေရာ Drop Bomb ဗုံး(၁၉)လုံး၊ ရော့ကဒ်(၁၅)လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ပြန်လည်ပစ်ခတ်ခဲ့သဖြင့် Droneအကြီး တစ်စီးနှင့် Air 2 (၂)စီး ပျက်စီးဆုံးရှုံးခဲ့ရသည်ဟု သိရသည်။

တိုက်ခိုက်မှုများကို မြိုင်ပကဖနှင့် ပေါက်ဗိုလ်တစ္ဆေ၊ ပေါက်ပကဖ အဖွဲဝင်များ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး အောက်တိုဘာလ (၈)ရက်နေ့ နံနက်ပိုင်းတွင် မြိုင်မြို့အရှေ့ဘက် ပခုက္ကူလမ်းဘက်ရှိ စစ်ကောင်စီတပ်ဖွဲ့ရှိရာ နေရာကို မြိုင်ပကဖ၊ အညာမြေပြောက်ကျားတပ်ဖွဲ့၊ Scorpion တပ်ဖွဲ့၊ BBF အဖွဲ့တို့က ထပ်မံပူးပေါင်း တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

#TachileikNewsAgency