အာဏာသိမ်းအဖွဲ့က မန္တလေးမြို့မှ ဈေးဆိုင်များ ဖေဖေါ်ဝါရီလ (၁)ရက်နေ့ အသံတိတ်သပိတ် မပါဝင်ရန် လိုက်လံ တားမြစ်နေ

အာဏာသိမ်းအဖွဲ့က မန္တလေးမြို့မှ ဈေးဆိုင်များ ဖေဖေါ်ဝါရီလ (၁)ရက်နေ့ အသံတိတ်သပိတ် မပါဝင်ရန် လိုက်လံ တားမြစ်နေ
ဇန်နဝါရီ 26, 2022 | အခြားဒေသများ

အာဏာသိမ်းခံရမှုတစ်နှစ်ပြည့်သည့် ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင်ပြုလုပ်ကြမည့် အသံတိတ်သပိတ်တွင်မပါဝင်ရန် အာဏာသိမ်းစစ်ကောင်စီက မန္တလေးမြို့တွင်းရှိ စျေးဆိုင်များကို တားမြစ်စာများလိုက်ပေးနေပြီး ဆိုင်ပိတ်ကြောင်းကြေညာထားသည့်  ဆိုင်ပိုင်ရှင်များကိုလည်း ဖမ်းဆီးနေကြောင်း သိရသည်။

အသံတိတ်သပိတ်တွင် ပါဝင်ပါက အကြမ်းဖက်ဥပဒေပုဒ်မ၅၂(က)၊ ရာဇသတ်ကြီးဥပဒေပုဒ်မ၁၂၄-ကနှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ်ဆက်သွယ်ရေးပုဒ်မ၃၃(က)ဖြင့်အရေးယူကာ ပိုင်ဆိုင်မှုများအား သိမ်းယူသွားမည်ဟု အာဏာသိမ်းအဖွဲ့က လိုက်လံခြိမ်းခြောက်ထားကြောင်း သိရသည်။

ယမန်နေ့က ဖေဖော်ဝါရီလ (၁) ရက်နေ့တွင်ဆိုင်ပိတ်မည်ဟု ကြေညာခဲ့သည့် မန္တလေးမှ ဖိနပ်ဆိုင်အပါအဝင် ဆိုင် (၄) ဆိုင်ခန့်ကို အာဏာသိမ်းအဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ထို့အပြင် ပြင်ဦးလွင်မြို့၊ သုံးတောင်ကျေးရွာမှ ဆိုင်ရှင်တစ်ဦးက မိတ်ဆွေမင်္ဂလာဆောင်သွားရန်အတွက် ဖေဖော်ဝါရီ (၁) ရက်နေ့တွင်ဆိုင်ပိတ်မည်ဟု ကြေညာထားသည်ကိုလည်း ဖမ်းဆီးသွားကြောင်း ဒေသခံများထံက သိရသည်။

မနက်က အရပ်ဝတ်နဲ့ စာရွက်လာပေးရင်း ကိုယ်လုပ်မှ ကိုယ်စားရမှာ သူများယောင်တိုင်းဝင်မယောင်နဲ့။ ပြီးရင်ခင်ဗျားတို့ကို ဘယ်သူမှလာကယ်မှာ မဟုတ်ဘူးဆိုပြီး ပြောသွားတယ်

ဟု မန္တလေးမြို့မှ စတိုးဆိုင်ပိုင်ရှင်တစ်ဦးက Tachileik News Agency သို့ ပြောသည်။

စစ်အာဏာသိမ်းမှု တစ်နှစ်ပြည့်သည့် ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် စစ်အာဏာရှင်ဆန့်ကျင်သူများက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြုလုပ်ကြမည့် Silent Strike ကို အာဏာသိမ်းအဖွဲ့က ကြောက်လန့်တကြား လိုက်လံတားဆီးနေသည်ကိုတွေ့ရခြင်းဖြစ်သည်။