မိုင်းယောင်းခရိုင်အုပ်ချုပ်ရေးမှူး နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့ (၂)ဦး တရားမဝင် လုပ်ငန်းများထံက ငွေကြေးများ လစဉ် ရယူ ဒေသခံများနှင့် အဆင်မပြေ

မိုင်းယောင်းခရိုင်အုပ်ချုပ်ရေးမှူး နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့ (၂)ဦး တရားမဝင် လုပ်ငန်းများထံက ငွေကြေးများ လစဉ် ရယူ ဒေသခံများနှင့် အဆင်မပြေ
အောက်တိုဘာ 1, 2023 | ရှမ်းရှေ့

 ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်အတွင်းမှ ခရိုင်အုပ်ချုပ်ရေးမှူးနှင့်မြို့နယ်အုပ်ချုပ်ရေးမှူးတို့ (၂)ဦးမှာ ဒေသအတွင်း၌ တရားမဝင်လုပ်ငန်းများထံကနေ ငွေကြေးများ လစဉ် ရယူကာ  လုပ်ငန်းများကို လုပ်ကိုင်ခွင့်ပြုနေပြီး ၎င်းတို့(၂)ဦး လက်ထက်တွင် မိုင်းယောင်းခရိုင်အတွင်း၌ တရားမဝင်လုပ်ငန်းများ ပေါများလာကာ လာဘ်ပေး လာဘ်ယူမှုများ ယခင်ကထက် ပိုများလာနေကြောင်း မြို့မိမြို့ဖများနှင့် ဒေသခံများက ဆိုသည်။

မိုင်းယောင်းခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင် နှင့် မိုင်းယောင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေတို့သည် မိုင်းယောင်းမြို့နယ်အတွင်းရှိ မုန်းလိုင်းချောင်းအတွင်း ရွှေတူးဖော်သည့် လုပ်ငန်းများနှင့်ပတ်သက်၍လည်း အထက်အောက် ဌာနညှိနှိုင်းကာ ငွေကြေးများ ရယူပြီး ခွင့်ပြုပေးနေလျက်ရှိသည်ဟု ဆိုသည်။

"သူတို့(၂)ဦးက မုန်းလိုင်းချောင်းအတွင်း တရားမဝင် ရွှေတူးဖော်တဲ့ ဆိုက်တစ်ခုစီ ကျပ်သိန်း(၃၀)နှုန်းနဲ့ ချောင်းဖြောင့်လုပ်ငန်းကို ဘန်းပြပြီး လုပ်ကိုင်ခွင့်ပေးထားတယ်။ အဲ့လို ငွေယူပြီး လုပ်ကိုင်ခွင့်ပေးထား ပေမဲ့လည်း တိုင်ကြားခံရလို့ စစ်ဆေးရေးအဖွဲ့လာရင်  သူတို့ကို ဧည့်ခံကျွေးမွေးဖို့နဲ့ ပေးကမ်းဖို့ဆိုပြီး ရွှေလုပ်ကွက်ရသူတွေထဲကနေ ငွေကြေး ထပ်ကောက်သေးတယ်။"ဟု အမည်မဖော်လိုသည့် ဒေသခံ တစ်ဦးက ပြောသည်။

 

ယခင်က မုန်းလိုက်ချောင်းသည် မြို့သူမြို့သား ဒေသခံ တိုင်းရင်းသားများအတွက်   ရေများကြည်လင်ကာ အပန်းဖြေစရာ နေရာတစ်ခု ဖြစ်ခဲ့သော်လည်း ယခုအခါတွင် ၎င်းတို့ (၂)ဦး၏  တရားမဝင် ငွေရလိုသည့် လောဘစိတ်ကြောင့်   မိုင်းယောင်း၏ အထင်ကရချောင်းမှာ ရွှေတူးဖော်မှုကြောင့် ပျက်စီးနေသည်မှာ တစ်မြို့လုံးအသိဖြစ်ကြောင်း မြို့မိမြို့ဖတစ်ဦးက ဆိုသည်။

၎င်းတို့ (၂)ဦးသည် လူကြီးခရီးစဉ်များ၊ နိုင်ငံတော်မှ ကျင်းပခိုင်းသည့် ပွဲလမ်းသဘင်များနှင့် ဘာသာရေးပွဲများအတွက် လုပ်ငန်းရှင်များထံမှ နည်းအမျိုးမျိုးဖြင့် ငွေများ အလှူခံလေ့ရှိပြီး အခမ်းအနားများနှင့်ပွဲလမ်းသဘင်များကိုလည်း ၎င်းတို့ ဌာနပိုင်ငွေဖြင့် ကျင်းပသယောင် လုပ်ဆောင်ပြနေလေ့ရှိကြောင်းနှင့် လုပ်ငန်းရှင်များထံက နည်းအမျိုးမျိုးဖြင့် ငွေများ အလှူခံရရှိပြီးနောက် မည်သည့်ငွေစာရင်းရှင်းတမ်းကိုမှ ဖြန့်ဝေထုတ်ပြန်လေ့မရှိကြောင်း သိရသည်။

"လုပ်ငန်းရှင်တွေနားက ဘာအခမ်းအနားအတွက် ဘယ်လူကြီးခရီးစဉ်အတွက်ဆိုပြီး ခရိုင်အုပ်ချုပ်ရေးမှုးက တစ်မျိုး၊ မြို့နယ်အုပ်ချုပ်ရေးမှူးက တစ်မျိုး အမျိုးမျိုးဖန်တီးပြီး အလှူခံနေတော့တာပဲ။ ကုန်တာက နည်းနည်း အလှူခံတာကများများ ဖြစ်နေတယ်။ ပြောရရင်တော့ သူတို့က ဘယ်လိုနည်းနဲ့ အလှူခံရမလဲလို့ ချောင်းနေပုံပဲ။ သူတို့နှစ်ဦးက စီးပွားရေးလိုမျိုး လုပ်နေတာ"ဟု မိုင်းယောင်းမြို့မှ လုပ်ငန်းရှင်တစ်ဦးက ပြောသည်။



ယင်းအပြင် မိုင်းယောင်းမြို့နယ်အတွင်း ပါမန်းကျေးရွာ၌လည်း လောင်းကစားဝိုင်းကို တစ်လလျှင် ကျပ်သိန်း(၄၀)ဝန်းကျင်အထိ ရယူကာ ဖွင့်လှစ်ပေးထားလျှက်ရှိရာ ၎င်းတို့ (၂)ဦး လက်ထက်တွင် မိုင်းယောင်းဒေသတွင်း၌ ယခင်ကထက် လောင်းကစားလုပ်ငန်းများ တိုးပွားလာနေကြောင်းလည်း သိရသည်။ 

၎င်းတို့သည် လက်အောက်ဝန်ထမ်းများကို ဆက်ဆံရာမှာလည်း အထက်ဖား အောက်ဖိ ပုံစံသဖွယ် ပြုမှုဆက်ဆံလေ့ရှိကြောင်း သိရသည်။

"လက်အောက်ဝန်ထမ်းများကိုလည်း ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုတာ ဆက်ဆံနေတာ ခဏခဏပဲ။ သားသမီးချင်း မစာမနာပြောဆိုတာတွေလည်း ကြားရတယ်။ သူတို့(၂)ယောက်က အတော်အတွဲညီတယ်။ နည်းလမ်းပေါင်းစုံနဲ့ရသမျှငွေကို သူတို့အိတ်ထဲထည့်တာများတယ်။ လက်အောက်ငယ်သားတွေကိုလည်း အကြောက်တရားနဲ့ ထိန်းချုပ်ထားတယ်"ဟု ဒေသခံ တစ်ဦးက ပြောသည်။

မိုင်းယောင်းဒေသသည် အာခါ၊ လားဟူး၊ ရှမ်းတိုင်းရင်းသား အများအပြား နေထိုင်ကြသည့် ဒေသဖြစ်ပြီး စစ်တပ်နှင့်ဌာနဆိုင်ရာများနှင့် ပတ်သက်၍ မည်သို့ဖြစ်စေ ပြောရဲဆိုရဲ မရှိကြသည့်အတွက် ငြိမ်ခံနေရကြောင်း သိရသည်။

"ဒီဒေသမှာကတော့ သိတဲ့အတိုင်းပါပဲ။ ကိုယ့်အချင်းချင်းသာ အပြန်အလှန် တုံ့ပြန်ကြတာ။ စစ်တပ်တို့ ရဲတို့ နဲ့ ဌာနဆိုင်ရာတွေက ပြောလာတာဆိုရင် ဘာမှ ခံမပြောရဲကြဘူး။ ငြိမ်နေကြရတာများတယ်။ မြို့ ကျဉ်းတာလည်း ပါတာပေါ့။ အခုလို အသံတွေ ထွက်လာတယ်ဆိုတာက ဘယ်လိုမှ မခံနိုင်တော့လို့ အသံတွေထွက်လာတဲ့ သဘောပါပဲဗျာ။ ဒေသခံတွေကတော့ သူတို့(၂)ဦးကို မကြိုက်ကြတာများတယ်"ဟု အမည်မဖော်လိုသည့် မြို့မိမြို့ဖ တစ်ဦးက Tachileik News Agency သို့ ၂၀၂၃ခုနှစ် စက်တင်ဘာလ(၃၀)ရက်နေ့က ပြောသည်။