တာချီလိတ် ငွေတောင်ဦးဆရာတော်၏ သက်တော် ၆၈ နှစ်ပြည့် ဝိဇာတမွေးနေ့ကျင်းပ

တာချီလိတ် ငွေတောင်ဦးဆရာတော်၏ သက်တော် ၆၈ နှစ်ပြည့် ဝိဇာတမွေးနေ့ကျင်းပ
ဒီဇင်ဘာ 31, 2019
By Tachileik News Agency

တာချီလိတ် ငွေတောင်ဦးဆရာတော်၏ သက်တော် ၆၈ နှစ်ပြည့် ဝိဇာတမွေးနေ့ကျင်းပ

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ ငွေတောင်ဦးကမ္မဌာန်းကျောင်းတိုက်မှ ဦးစီးပဓာန နာယကဆရာတော် မဟာဂန္တဝါစကပဏ္ဍိတ၊ ကမ္မဋ္ဌာနာစရိယ၊ မဟာကမ္မဋ္ဌာနာစရိယ၊ Ph.D (Vipassana Bhavana MCU)(Thailand) အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဒေါက်တာဘဒ္ဒန္တဝိရောစန၏ သက်တော် (၆၈)နှစ်ပြည့် ဝိဇာတမွေးနေ့ကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်နေ့တွင် ကျင်းပသည်။

ဝိဇာတမွေးနေ့ကို ပုန်းထွန်ရပ်ကွက်ရှိ ငွေတောင်ဦးကမ္မဌာန်းကျောင်းတိုက်၌ ကျင်းပရာ တပည့် ဒါယိကာ၊ ဒါယိကာမများ လာရောက်လှူဒါန်း ဖူးမြော်ကြည်ညိုကြသည်။

ဆရာတော်၏ ဝိဇာတမွေးနေ့အလှူသို့ လာရောက်ကြသူများအား ဘုရား(ကြီး)ဆုမဲ (၂၅၂၉)ဆူ နှင့် ဘုရား(သေး) ဆုမဲ (၃၄၉၀)ဆူတို့ကို မဲဖောက်ကာ ပြန်လည်လှူဒါန်းပေးကြာင်း သိရသည်။

ငွေတောင်ဦး ကမ္မဋ္ဌာန်းကျောင်းတိုက်ဆရာတော်အား နှစ်(၇၀)ပြည့် လွတ်လပ်ရေးနေ့ဖြစ်သည့် ၂၀၁၈ ခုနှစ် ဇန်နဝါရီလ(၄)ရက်နေ့က အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘွဲ့တံဆိပ်တော်ကို နိုင်ငံတော်က ဆက်ကပ်လှူဒါန်းခဲ့ပြီး ၂၀၁၃ခုနှစ်တွင် မဟာကမ္မဋ္ဌာနာ စရိယ ဘွဲ့တံဆိပ်တော်၊ ၂၀၀၃ ခုနှစ်တွင် ကမ္မဋ္ဌာနာစရိယ၊ ၁၉၉၄ ခုနှစ်တွင်  မဟာဂန္တဝါစကပဏ္ဍိတများ ဆက်ကပ်လှူဒါန်းခဲ့သည့် အပြင် ထိုင်းနိုင်ငံ Mahachulalongkornrajavidyalaya University မှ   Honarary Doctorate Degree in Vipassana Bhavana Ph.D (Vipassana Bhavana) ဂုဏ်ထူးဆောင် (ဝိပဿနာ) ပါရဂူဘွဲ့အား ၂၀၁၆ ခုနှစ် မေလ(၁၅)ရက်နေ့တွင် ဆက်ကပ်လှူဒါန်းခဲ့ခြင်းဖြစ်သည်။

ဆရာတော်သည် မန္တလေးတိုင်းဒေသကြီး၊ မိတ္တီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၊ သဘွတ်ကုန်း စံပြကျေးရွာမှ ဦးပေါက်ထွန်းနှင့် ဒေါ်လှညွှန့်တို့၏ သားသမီး (၈)ဦးအနက် (၄)ယောက်မြောက်ဖြစ်ပြီး  ဆရာတော်အပါအဝင် (၆) ဦးမှာ သာသနာ့ဘောင်သို့ ဝင်ရောက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ဆရာတော်သည်  ၂၀၀၃ ခုနှစ်တွင် ငွေတောင်ဦးကမ္မဋ္ဌာန်းကျောင်းတိုက် ဝတ်ရွတ်စဉ် စာအုပ်၊ ၂၀၁၀ ခုနှစ်တွင် မဟာသတိပဋ္ဌာန်ရှုနည်း ပထမတွဲ၊ ဒုတိယတွဲ၊ ၂၀၁၁ ခုနှစ်တွင် သိမှတ်ဖွယ်သြဝါဒတရားစာအုပ်တို့ကို မြန်မာဘာသာဖြင့် ရေးသားခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် ထိုင်းဘာသာဖြင့် မဟာသတိပဋ္ဌာန်ရှုနည်း ပထမတွဲ၊ ၂၀၁၃ ခုနှစ်တွင် ဒုတိယတွဲ၊ ၂၀၁၅ ခုနှစ်တွင် တရုတ်ဘာသာဖြင့် မဟာသတိပဋ္ဌာန်ရှုနည်း စာအုပ်တို့ကို ရေးသားပြုစုခဲ့ခြင်းဖြစ်သည်။

ဆရာတော်သည် ငွေတောင်ဦးကမ္မဋ္ဌာန်းကျောင်းတိုက်၌ ပြည်တွင်း၊ ပြည်ပ ယောဂီများအား တရားဟောခြင်း၊ တရားပြခြင်းများအပြင် ဇာတိဖြစ်သည့် ဝမ်းတွင်းမြို့နယ် သဘွတ်ကုန်းစံပြ ကျေးရွာတွင်လည်း သာသနာပြုခြင်း၊ ထိုင်းနိုင်ငံ ခလောင်းဆာမ်ဝါးမြို့တွင် ဝီရိယဓမ္မရိပ်သာများ တည်ထောင်၍ တရားဟော၊ တရာပြသပေးခြင်း၊ နခွန်ရတ်ချဆီမားခရိုင်ရှိ မဟာချူလားအာစွမ် ရိပ်သာဌာန၌ ကမ္မဋ္ဌာန်းဆရာအဖြစ် တရားပြခြင်း၊ တရားဟောခြင်းများကို ဆောင်ရွက်နေခြင်းဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ - ကျော်ဇင်ဟိန်း

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~