ကျိုင်းတုံမြို့တွင် လေကြောင်းခရီးဖြင့် လာရောက်သူများအတွက် Facility Quarantine စီစဉ်ပေးရန် အခက်အခဲရှိ၍ ဟိုတယ် Quarantine သာ သတ်မှတ်ထား

ကျိုင်းတုံမြို့တွင် လေကြောင်းခရီးဖြင့် လာရောက်သူများအတွက် Facility Quarantine စီစဉ်ပေးရန် အခက်အခဲရှိ၍ ဟိုတယ် Quarantine သာ သတ်မှတ်ထား
ဒီဇင်ဘာ 26, 2020 | Covid-19| ရှမ်းရှေ့

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့သို့ လေကြောင်းခရီးဖြင့် လာရောက်သူများအတွက် facility quarantine စီစဉ်ပေးရန် အခက်အခဲရှိ၍ ဟိုတယ် quarantine သာ နေထိုင်နိုင်မည်ဖြစ်ကြောင်း ကျိုင်းတုံခရိုင် COVID 19 ကာကွယ် တားဆီး ထိန်းချုပ်ရေး ကော်မတီထံမှ သိရသည်။

ပြဿနာက ဘာလဲဆိုတော့ ကျွန်တော်တို့ quarantine ဆိုဒ်တွေမှာ လူတအားများနေတာ။ လူတအားများပြီး facility quarantine မလုံလောက်တဲ့ အခါကျတော့ ဟိုတယ်မှာ ထားတာပေါ့နော်။ ရန်ကုန်ဧည့်သည်ဆိုရင်တော့ ဟိုတယ်မှာပဲ ထားပါတယ်။ ဘာလို့လဲဆိုတော့ quarantine ဆိုဒ်တွေမှာ တန့်သွားနိုင်လို့ပါ။ facility quarantine မှာက အမျိုးသားတွေကို မိုးလုံလေလုံမှာပဲ ထားနိုင်တာကိုး။ ဒါကြောင့် လေကြောင်းခရီးသည်တွေကို facility quarantine ထားဖို့က အခက်အခဲဖြစ်နေပါတယ်

ဟု ကျိုင်းတုံခရိုင် COVID 19 ကာကွယ်တားဆီး ထိန်းချုပ်ရေး ကော်မတီ ဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းသိန်းက  ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၂၆) ရက်နေ့တွင် တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ပြည်တွင်းလေကြောင်းခရီးစဉ်ဖြင့် ဝင်ရောက်လာသူများအနေဖြင့် လေယာဉ်မစီးနင်းမီ RDT test kit ဖြင့် COVID 19 စစ်ဆေးခံယူရပြီး ဆိုက်ရောက်ရာဒေသ၌ stay at home ဒေသမှ stay at home မသတ်မှတ်သည့်ဒေသသို့ လာရောက်သူများ ဒုတိယအကြိမ် COVID 19 စစ်ဆေးရန်အတွက် facility quarantine သို့မဟုတ် hotel quarantine ဝင်ရမည်ဟု သတ်မှတ်ထားခြင်းဖြစ်သည်။

hotel quarantine ဝင်ရန်အဆင်မပြေသည့် နိုင်ငံ့ဝန်ထမ်းများအတွက် facility quarantine စီစဉ်ပေးထားသော်လည်း ရန်ကုန်မှလာရောက်သူအားလုံး hotel quarantine ဝင်ရမည်ဖြစ်သည်။



ကျိုင်းတုံမြို့တွင် stay at home သတ်မှတ်ထားသည့်ဒေသများနှင့် COVID 19 ဒေသတွင်း ကူးစက်မှုဖြစ်သည့်ဒေသများမှ လာရောက်သူများကို facility quarantine ထားရှိနေရာ လေကြောင်းခရီးသည်များအတွက် facility quarantine စီစဉ်ပေးနိုင်ခြင်းမရှိသေး၍ hotel quarantine ၌သာ နေထိုင်ကြရခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency

သတင်း - ချယ်ရီထိုက်

ဓါတ်ပုံ - Kengtung Mg

ချယ်ရီထိုက် (အင်မိုင်ခ)သည် Tachileik News Agency ၏ စီမံခန့်ခွဲမှုအယ်ဒီတာချုပ်ဖြစ်သည်။