ဖားဆောင်းမြို့နယ်တွင် စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခိုက်ခံရကာ ဗျူဟာမှူးဒဏ်ရာရပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိဟု NUG ထုတ်ပြန်

ဖားဆောင်းမြို့နယ်တွင် စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခိုက်ခံရကာ ဗျူဟာမှူးဒဏ်ရာရပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိဟု NUG ထုတ်ပြန်
မတ် 23, 2024 | 2021 Military Coup| ကယား

ကရင်နီပြည်နယ် ဖားဆောင်းမြို့နယ်တွင် စစ်ကောင်စီတပ်အား တော်လှန်ရေးတပ်များက တိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ ဗျူဟာမှူး ဒဏ်ရာရပြီး (၁၆)ဦးသေကာ တစ်ဦးကို အရှင်ဖမ်းမိခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ ၂၀၂၄ ခုနှစ် မတ်လ (၂၃)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ဘော်လခဲမြို့နယ်၊ ထူးချောင်းတပ်စခန်းမှ ဖားဆောင်းမြို့သို့ စစ်ကူပေးရန်လာသည့် စစ်ကောင်စီတပ်ကို KA၊ KNDF၊ ကလလတ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ကယား(ကရင်နီ)တိုင်းစစ်ဌာန PDFတပ်ရင်းများ အပါအဝင် ပြည်သူ့တော်လှန်ရေးတပ်များက မတ်လ (၂၀) ရက်နေ့တွင် ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

စစ်ကောင်စီတပ်စစ်ကြောင်းကို ဖားဆောင်းမြို့နယ်၊ ပါပုရွာအဝင် ပါပုသစ်ဆိပ်အနီးတွင် တိုက်ခိုက်ခဲ့ရာ (၇)နာရီကြာ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်က လေကြောင်းပစ်ကူနှင့် ဒရုန်းများ အသုံးပြု တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်စစ်ကြောင်း၏ ဗျုဟာမှူး အပါအဝင် (၁၅)ဦး ဒဏ်ရာရရှိကာ (၁၆)ဦး သေဆုံးခဲ့ပြီး တစ်ဦးကို ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

ထို့အပြင် စစ်ကောင်စီတပ်ထံမှ လက်နက်မျိုးစုံ (၅)လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

#TachileikNewsAgency