တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ငေါ့ငါးကျေးရွာကို စစ်ကောင်စီတပ်က  ပေါင် ၅၀၀ဗုံးကြဲတိုက်ခိုက် 

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ငေါ့ငါးကျေးရွာကို စစ်ကောင်စီတပ်က  ပေါင် ၅၀၀ဗုံးကြဲတိုက်ခိုက် 
စက်တင်ဘာ 26, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ငေါ့ငါးကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ယနေ့ ၂၀၂၃ခုနှစ် စက်တင်ဘာလ (၂၆)ရက်နေ့ နေ့လယ်ပိုင်းတွင် စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါကျေးရွာကို စစ်ကောင်စီတပ်က တိုက်လေယာဉ်(၂)စီးဖြင့် လက်နက်ငယ်အပြင် ပေါင်(၅၀၀)ဗုံး တစ်လုံးအပါအဝင် ဗုံး(၃)လုံးဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း TNLAထံမှ သိရသည်။

စစ်ကောင်စီတပ်၏ တိုက်လေယာဉ်တစ်စီးသည် ငေါ့ငါးကျေးရွာအပေါ်ပျံသန်းလာပြီး စက်သေနတ်ဖြင့် ကျေးရွာအတွင်း  တရဆက်ပစ်ခတ်ခဲ့ပြီးနောက် တိုက်လေယာဉ်တစ်စီး ထပ်ရောက်လာကာ ငေါ့ငါးကျေးရွာအနီးသို့ ပေါင်(၅၀၀)ဗုံးတစ်လုံးအပါအဝင် ရိုးရိုးဗုံး(၃)လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့အပြင် နံနက်ပိုင်းမှ နေ့လည်(၂)နာရီအထိ စစ်ကောင်စီ၏ နမ့်ဖက်ကာတပ်စခန်းမှ ပန်နွဲ့ရွာနှင့် ငေါ့ငါးကျေးရွာအနီးသို့ လက်နက်ကြီးများဖြင့် (၃၄)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ယမန်နေ့ စက်တင်ဘာလ (၂၅)ရက်နေ့ ညပိုင်းကလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မူဆယ်မြို့နယ်ရှိ TNLAတပ်မဟာ(၁)၏ လွယ်မောက်တပ်စခန်းတစ်ခုအား ပေါင်(၅၀၀)ဗုံးသီးဖြင့် (၂)ကြိမ် လာရောက်ဗုံးကြဲမှုကြောင့် တပ်စခန်း၏ အဆောက်အဦးအချို့ ပျက်စီးခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Photo :TNLA သတင်းနှင့်ပြန်ကြားရေး