ဂန့်ဂေါမြို့နယ်အတွင်း ပကဖ နှင့် ပအဖ အဖွဲ့ဝင်များ အချင်းချင်း အငြင်းပွားမှုကြောင့် အကြမ်းဖက်မှုမဖြစ်စေရန် လက်နက်များ ခေတ္တသိမ်းယူခဲ့ခြင်းဖြစ်သည်ဟု YDFထုတ်ပြန်

ဂန့်ဂေါမြို့နယ်အတွင်း ပကဖ နှင့် ပအဖ အဖွဲ့ဝင်များ အချင်းချင်း အငြင်းပွားမှုကြောင့် အကြမ်းဖက်မှုမဖြစ်စေရန် လက်နက်များ ခေတ္တသိမ်းယူခဲ့ခြင်းဖြစ်သည်ဟု YDFထုတ်ပြန်

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မောက်လင်းကျေးရွာမှ ပကဖ အဖွဲ့ဝင်များနှင့် ပအဖ အဖွဲ့ဝင်များ အငြင်းပွားမှုများ ရှိနေခဲ့သည့်အတွက် ပအဖ အဖွဲ့ဝင်များ၏ လက်နက်(၄)လက်ကို ပကဖ နှင့် ကျေးရွာအုပ်ချုပ်ရေးမှုးများရှေ့တွင် ခေတ္တသိမ်းဆည်းထားခဲ့ခြင်းဖြစ်ကြောင်း ယောဒေသကာကွယ်ရေးတပ်(YDF)က ယနေ့ ဇွန်လ (၂၅)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။

၂၀၂၃ ခုနှစ် ဇွန်လ(၂၃)ရက်နေ့တွင် မောက်လင်းကျေးရွာ ပကဖ ခေါင်းဆောင် ဦးစိုးစိုးဌေး၏ အကူအညီတောင်းခံမှုအရ မောက်လင်းကျေးရွာသို့ YDF ရဲဘော်(၆)ဦးနှင့် ပကဖ တာဝန်ရှိသူများမှ ကျေးရွာအတွင်း ဝင်ရောက်ခဲ့သည်ဟု သိရသည်။

မောက်လင်းကျေးရွာ၏ ပကဖ အဖွဲ့ဝင်များနှင့် ပအဖ အဖွဲ့ဝင်များကြား အငြင်းပွားမှုများ ရှိနေခဲ့သည့်အတွက် ဖြေရှင်းရာတွင် အကြမ်းဖက်မှုများ မဖြစ်ပေါ်စေရန် လက်နက်ကိုင်ဆောင်ထားသော ပအဖ အဖွဲ့ဝင်များ၏ လက်နက်များကို ယာယီ ထိန်းသိမ်းပေးရန်အတွက် လက်နက်မရှိသော ပကဖ ခေါင်းဆောင်မှ အကူအညီတောင်းလာသဖြင့် YDFမှ ပကဖ ခေါင်းဆောင် ဦးစိုးစိုးဌေး၏ အကူအညီတောင်းဆိုမှုကို လက်ခံကာ ငြိမ်းချမ်းစွာ ဆွေးနွေးနိုင်ရန် ပအဖ အဖွဲ့ဝင်များ၏ လက်နက်(၄)လက်ကို ပကဖ နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ ရှေ့တွင် ခေတ္တသိမ်းဆည်းထားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ထို့နောက် အဆိုပါ မောက်လင်းကျေးရွာ အုပ်ချုပ်ရေးဆိုင်ရာ ဆွေးနွေးမှုများ ပြေလည်ပြီးနောက် သိမ်းဆည်းထားသော လက်နက်များကို နေ့တွင်းချင်း ပြန်လည်ပေးအပ်ပြီး လက်ခံရရှိကြောင်းကို  သက်သေများရှေ့တွင် ပကဖ ခေါင်းဆောင် ဦးစိုးစိုးဌေး နှင့် YDFတာဝန်ရှိသူတို့ နှစ်ဖက် လက်မှတ်ရေးထိုးကာ ပြန်လည်ပေးအပ်ခဲ့သည်ဟု သတင်းထုတ်ပြန်သည်။

လက်ရှိတွင် မောက်လင်း ကျေးရွာအုပ်ချုပ်ရေး ကိစ္စရပ်များတွင် သဘောတူထားသူများက ဆက်လက်၍ စီမံနေကြကာ YDFမှလည်း တပ်ရင်းများတွင် ပြန်လည်ရောက်ရှိနေပြီဖြစ်သည်ဟု သိရသည်။

#TachileikNewsAgency