ပုလဲတွင် စစ်ကောင်စီတပ်က ကျေးရွာအတွင်း တပ်စွဲနေသဖြင့် ဒေသခံများထွက်ပြေးနေရ

ပုလဲတွင် စစ်ကောင်စီတပ်က ကျေးရွာအတွင်း တပ်စွဲနေသဖြင့် ဒေသခံများထွက်ပြေးနေရ
စက်တင်ဘာ 25, 2023 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းက ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲနေခြင်းကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ခုနှစ် စက်တင်ဘာလ (၂၂)ရက်နေ့က ပုလဲမြို့နယ် ကန့်ဒေါင့်ရွာမှတဆင့် အင်မထီးရွာ ပျူစောထီးစခန်းကို စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာသဖြင့် အနီးရှိ ကျေးရွာများမှ ဒေသခံများ ညတွင်းချင်း ထွက်ပြေးတိမ်းရှောင်ခဲ့ကြရကြောင်း သိရသည်။

အဆိုပါစစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီးများသည် လှည်းအစီး (၃၀)ဝန်းကျင်ဖြင့် စက်တင်ဘာလ (၂၃)ရက်နေ့တွင် တနယ်ရွာသို့ လက်နက်ကြီး၊ လက်နက်‌ငယ်များဖြင့် ပစ်ခတ်ဝင်ရောက်ခဲ့ရာ တော်လှန်ရေး အင်အားစုများက မိုင်းဆွဲခြင်းနှင့် လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခြင်းကြောင့် လှည်းတချို့ နောက်ပြန်ဆုတ်သွားခဲ့သော်လည်း တနယ်ရွာမှ ဒေသခံများပိုင်ဆိုင်သည့် ပစ္စည်းများကို ကျန်ရှိလှည်းများဖြင့် ယူဆောင်သွားကြောင်း သိရသည်။

ယနေ့ စက်တင်ဘာလ (၂၅)ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့သည် တနယ်ရွာတွင် တပ်စွဲထားသဖြင့် တနယ်၊ ပန်းရွာ၊ လှော်ကားရွာမှ ဒေသခံများ တိမ်းရှောင်နေကြရပြီး မြို့နယ်နှင့် ရပ်ကျေး ပအဖ၊ ပကဖများက ကူညီပေးထားကြောင်း သိရသည်။

#TachileikNewsAgency

Photo : ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့