ပိုင်ကျုံမြို့တွင် ထိုင်းအစိုးရကပေးသည့် အကူအညီများအား စစ်ရှောင်များအားထောက်ပံ့နေစဉ် စစ်ကောင်စီတပ်က လေကြောင်းမှ အင်အားပြ ခြိမ်းခြောက်ခဲ့သဖြင့် စစ်ရှောင်များထွက်ပြေးရ

ပိုင်ကျုံမြို့တွင် ထိုင်းအစိုးရကပေးသည့် အကူအညီများအား စစ်ရှောင်များအားထောက်ပံ့နေစဉ် စစ်ကောင်စီတပ်က လေကြောင်းမှ အင်အားပြ ခြိမ်းခြောက်ခဲ့သဖြင့် စစ်ရှောင်များထွက်ပြေးရ

ထိုင်းနိုင်ငံအစိုးရမှ ပေးအပ်သည့် လူသားချင်းစာနာထောက်ထားမှုအကူအညီများကို ကရင်ပြည်နယ် ပိုင်ကျုံမြို့နယ်အတွင်းရှိ စစ်ရှောင်များအား ၂၀၂၄ခုနှစ် မတ်လ(၂၆)ရက်နေ့က ပေးအပ်စဉ် စစ်ကောင်စီတပ်က တိုက်လေယာဉ်တစ်စီးဖြင့် အင်အားပြ ခြိမ်းခြောက်ပျံသန်းပြခဲ့သဖြင့် စစ်ရှောင်များ ကြောက်လန့်ကာ ထွက်ပြေးခဲ့ကြရသည်ဟု KNUက ယနေ့ ၂၀၂၄ခုနှစ် မတ်လ (၂၇)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ 

ထိုင်းဘုရင့်တပ်မတော်မှ စစ်ဖက်တာဝန်ရှိသူတချို့မှ ပစ္စည်းဝေငှမှုများကို စောင့်ကြည့်ရေးအတွက် အတူလိုက်ပါလာခဲ့သည့်အပြင် KNU ဖားအံခရိုင်မှ တာဝန်ရှိသူများက ထောက်ပံ့ကူညီရေးပစ္စည်း(၃၈၇၄)ထုတ်ကို ကားတန်းနှင့်အတူ လိုက်ပါလာသည့် ထိုင်းစစ်ဖက်တာဝန်ရှိသူများထံမှ နဘူးမြို့နယ်တွင် လက်ခံရယူပြီး ခရိုင်အဆင့် ကရင်ပြည်နယ်တွင်းနေရပ်စွန့်ခွာတိမ်းရှောင်နေသူများအကူအညီပေးအပ်ရေးကော်မတီနှင့် ကျေးရွာလူမှုအဖွဲ့အစည်းများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

နဘူးမြို့နယ်တွင်းရှိ စစ်ရှောင်များအား စစ်ရှောင်ပစ္စည်းများကို ဝေငှနေစဉ် စစ်ကောင်စီတပ်က တိုက်လေယာဉ်တစ်စီးဖြင့် အင်အားပြ ခြိမ်းခြောက်ပျံသန်းပြခဲ့သဖြင့် စစ်ရှောင်များ ကြောက်လန့်ကာ ထွက်ပြေးခဲ့ကြရသည်ဟု KNUက သတင်းထုတ်ပြန်ထားသည်။ 

စစ်ကောင်စီတပ်၏ အကြမ်းဖက်မှုများကြောင့် ကရင်ပြည်နယ် နဘူးမြို့နယ်၊ ပိုင်ကျုံမြို့နယ်၊ ဒုံရင်းမြို့နယ်များသို့ ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင် ၂၀၀၀၀ ကျော်အတွက် ထိုင်းအစိုးရကပေးအပ်သည့် လူသားချင်းစာနာထောက်ထားမှုအကူအညီ ပစ္စည်းများအား မတ်လ(၂၅)ရက်နေ့က ထိုင်းနိုင်ငံ အမှတ်(၂) မဲဆောက်-မြဝတီချစ်ကြည်ရေးတံတားတွင် ထိုင်းနိုင်ငံကြက်ခြေနီအသင်းမှ မြန်မာနိုင်ငံကြက်ခြေနီအသင်းထံ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ပြီး ထောက်ပံ့ပစ္စည်းများကို ကရင်နယ်ခြားစောင့်တပ်(BGF)က မြဝတီ-ကယ်ဂေါ်-သေ့ကတေ-သာယာကုန်းလမ်း ကြောင်းမှတဆင့် တာဝန်ယူသယ်ဆောင်ပေးခဲ့သည်ဟု သိရသည်။

ကရင်ပြည်နယ်တွင်းနေရပ်စွန့်ခွာတိမ်းရှောင်နေသူများအကူအညီပေးအပ်ရေးကော်မတီနှင့် ကျေးရွာလူမှုအဖွဲ့အစည်းတို့မှ ထောက်ပံ့ကူညီသည့် ပစ္စည်းများကို အကူအညီပေးအပ်ရာတွင် နဘူးမြို့နယ်မှတပါး ပိုင်ကျုံးမြို့နယ်၊ ဒုံရင်းမြို့နယ်တို့တွင် မမျှော်လင့်ဘဲ စစ်ကောင်စီ၏ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံကြက်ခြေအနီအသင်းမှ တာဝန်ရှိသူများ ပါဝင်လာသော်လည်း KNU ခေါင်းဆောင်များသည် စိန်ခေါ်မှုများကြားမှ ထိန်းထိန်းသိမ်းသိမ်းဖြင့် လုပ်ငန်းပြီးစီးအောင် ဖြန့်ဝေနိုင်ခဲ့သည်ဟု ဆိုသည်။

တစ်နိုင်ငံလုံးနီးပါး လူသားချင်းစာနာထောက်ထားမှုအကူအညီ အရေးပေါ်လိုအပ်နေသည့်ကာလတွင် ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှု၊ သက်ဆိုင်သူများအကြား ဘက်ပေါင်းစုံမှ သတင်းအချက်အလက်များမျှဝေမှုနှင့် ညှိနှိုင်းတိုင်ပင်မှုတို့ကို ပြုလုပ်ပြီးမှသာ ရှေ့ဆက်ကူညီထောက်ပံ့ရေးကို စဉ်းစားကြရန် အလှူရှင်နိုင်ငံများကို KNUက မေတ္တာရပ်ခံထားသည်။

#TachileikNewsAgency