နှစ် (၃၀) ကျော် အေးခဲထားသည့် သန္ဓေသားများမှ အမြွှာကလေး (၂) ဦး အောင်မြင်စွာ မွေးဖွား

နှစ် (၃၀) ကျော် အေးခဲထားသည့် သန္ဓေသားများမှ အမြွှာကလေး (၂) ဦး အောင်မြင်စွာ မွေးဖွား
နိုဝင်ဘာ 24, 2022 | နိုင်ငံတကာသတင်း
By Mr John

 

အမေရိကန်နိုင်ငံ တင်နက်ဆီပြည်နယ်တွင် လွန်ခဲ့သည့် နှစ် (၃၀) ကျော်က အေးခဲထားသော သန္ဓေသားများမှ အမြွှာကလေး (၂) ဦး မွေးဖွားခဲ့ကြောင်း သိရသည်။ 

ယခုဖြစ်ရပ်မှာ အချိန်အရှည်ကြာဆုံး အေးခဲထားသော သန္ဓေသားများမှ အောင်မြင်စွာ ကလေးမွေးဖွားမှုအဖြစ် စံချိန်သစ်တင်ခဲ့သည်ဟု ယူဆရသည်။ 

ထိုသန္ဓေသားများကို ၁၉၉၂ ခုနှစ် ဧပြီလ (၂၂) ရက်နေ့က အပူချိန် အနုတ် (၁၂၈) ဒီဂရီဆဲလ်စီးယပ်ဝန်းကျင်ဖြင့် နိုက်ထရိုဂျင်အရည်တွင် သိမ်းဆည်းထားခဲ့ခြင်း ဖြစ်သည်။

ကလေး (၄) ဦး၏ မိခင်ဖြစ်သူ ရေချယ်ရစ်ဒ်ချ်ဝေးက အောက်တိုဘာလ (၃၁) ရက်နေ့တွင် အမြွာကလေး (၂) ဦးကို အောင်မြင်စွာ မွေးဖွားခဲ့သည်။ 

ဖခင်ဖြစ်သူ ဖိလစ်ရစ်ဒ်ချ်ဝေးက အလွန်းထူးခြားဆန်းကြယ်သည်ဟု ပြောခဲ့သည်။ 

 

လိုင်ဒီယာအန်းနှင့် တင်မ်မိုသီရော်နယ်လ် ရစ်ဒ်ချ်ဝေးတို့ အမြွှာ (၂) ဦးက စံချိန်သစ်တင်နိုင်ဖွယ်ရှိကြောင်း National Embryo Donation Center (NEDC) က ဆိုသည်။

NEDC မှာ ယုံကြည်မှုအခြေခံ ပုဂ္ဂလိကအဖွဲ့အစည်းတစ်ခုဖြစ်ပြီး လှူဒါန်းသူများထံမှ ရရှိခဲ့သည့် သန္ဓေသားများမှ ကလေး (၁,၂၀၀) ကျော် မွေးဖွားရန် ကူညီပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။ 

NEDC ၏ ယခင် စံချိန်တင်ထားသူမှာ ၂၀၂၀ ခုနှစ်တွင် မွေးဖွားခဲ့သည့် မော်လီဂစ်ဘ်ဆန်ဖြစ်ပြီး ၎င်းမှာ (၂၇) နှစ်ကြာ အေးခဲသိမ်းဆည်းထားသော သန္ဓေသားမှ မွေးဖွားခဲ့ခြင်းဖြစ်သည်။

ယခုမွေးဖွားလာသည့် အမြွှာသန္ဓေသားများကို အမည်မဖော်ပြသော ဇနီးမောင်နှံစုံတွဲတစ်တွဲထံမှ IVF (In vitro fertilisation) နည်းသုံးပြီး ဖန်တီးခဲ့သည်။ 

အမျိုးသားဖြစ်သူမှာ အသက် (၅၀) နှစ်ကျော်ဖြစ်ပြီး (၃၄) နှစ်အရွယ် မျိုးဥအလှူရှင်တစ်ဦးကို မှီခိုခဲ့ရသည်ဟု ဆိုသည်။ 

ထို့နောက် သန္ဓေသားများကို အမေရိကန် အနောက်ဘက်ကမ်းရိုးတန်းရှိ ဓာတ်ခွဲခန်းတစ်ခုတွင် သိမ်းဆည်းထားခဲ့သည်။ 

၂၀၀၇ ခုနှစ်တွင်မူ ထိုစုံတွဲက ၎င်းတို့အစား အခြား စုံတွဲအတွက် အသုံးပြုရန် NEDC သို့ လှူဒါန်းခဲ့ကြောင်း သိရသည်။

Source: BBC

Photo: NATIONAL EMBRYO DONATION CENTER,