အာဏာသိမ်းစစ်တပ်၏ လက်နက်ပွဲစား (၃)ဦး နှင့် ကုမ္ပဏီ တစ်ခုကို အမေရိကန်က ပိတ်ဆို့ အရေးယူ

အာဏာသိမ်းစစ်တပ်၏ လက်နက်ပွဲစား (၃)ဦး နှင့် ကုမ္ပဏီ တစ်ခုကို အမေရိကန်က ပိတ်ဆို့ အရေးယူ
အောက်တိုဘာ 7, 2022 | 2021 Military Coup| အခြားဒေသများ

 အာဏာသိမ်းစစ်ကောင်စီအတွက် ရုရှားလက်နက်များ ဝယ်ယူပေးနေသည့် လူ(၃)ဦးနှင့် ကုမ္ပဏီတစ်ခုကို  အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန၏ နိုင်ငံရပ်ခြားပိုင်ဆိုင်မှု ထိန်းချုပ်ရေးရုံးက ပိတ်ဆို့အရေးယူကြောင်း ယနေ့အောက်တိုဘာလ (၇)ရက်နေ့တွင် သတင်း ထုတ်ပြန်လာသည်။

၎င်းတို့မှာ ဦးအောင်မိုးမြင့်၊ ဦးလှိုင်မိုးမြင့်၊ ဦးမျိုးသစ္စာနှင့် Dynasty International Company Limited တို့ဖြစ်ပြီး စစ်ကောင်စီအတွက် ရုရှားထုတ် စစ်လက်နက်များကို ဘီလာရုစ်မှတဆင့် ဝယ်ယူပေးနေသူများဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

ယခု အရေးယူ သတ်မှတ်မှုများသည် ဒီမိုကရေစီလိုလားသည့် တက်ကြွလှုပ်ရှားသူများနှင့် ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ကို ကွပ်မျက်မှုနှင့် စက်တင်ဘာ (၁၆)ရက်နေ့က အနည်းဆုံးကလေးငယ် (၁၁)ဦး သေဆုံးခဲ့ရသည့် ရဟတ်ယာဉ်နှင့် စာသင်ကျောင်းကို တိုက်ခိုက်ခြင်း အပါအဝင် လူ့အခွင့်အရေးချိုး ဖောက်မှုများကို ကျူးလွန်ဆောင်ရွက်နိုင်ရန် စစ်တပ်ကို အားပေးအားမြှောက် ပြုနေသူများကို ပစ်မှတ်ထားရန် ရည်ရွယ်သည်ဟု လည်း ဆိုသည်။

ယူကရိန်းကို တရားမဝင်ကျူးကျော်ခဲ့သည့် ရုရှားကို အားပေးထောက်ခံနေသည့် စစ်ကောင်စီနှင့် ရုရှားနှင့် ဘီလာရုစ်နိုင်ငံတို့ကို ဘဏ္ဍာရေး ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုကို ဆက်လက်လုပ်ဆောင်သွားမည်ဟုလည်း သိရသည်။ 

ဒါ့အပြင် ယခင်ရဲချုပ်နှင့် ဒုတိယပြည်ထဲရေးဝန်ကြီးဟောင်း သန်းလှိုင်ကိုလည်း ၂၀၂၁ ဖေဖော်ဝါရီ စစ်အာဏာသိမ်းမှုနောက်ပိုင်း ငြိမ်ချမ်းစွာ ဆန္ဒပြသူများကို ဥပဒေမဲ့သတ်ဖြတ်ခြင်းကဲ့သို့ ကြီးမားသော လူ့အခွင့်အရေးချိုးဖောက်မှုများတွင် ပါဝင်ခဲ့သည့် အတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ၂၀၂၂  နိုင်ငံရပ်ခြားလုပ် ငန်းဆောင်ရွက်ရေးနှင့် ဆက်စပ် အစီအစဉ်များလျာထားချက် အက်ဥပဒေအရ အရေးယူသတ်မှတ်သွားမည်ဖြစ်ကြောင်း သိရသည်။