SSPP နှင့် စစ်ကောင်စီတပ်တို့အကြား ဖြစ်ပွားသည့် တိုက်ပွဲတွင် နှစ်ဘက်ကျဆုံးသူရှိပြီး စစ်ကောင်စီတပ်သား နှစ်ဦးကို အရှင်ဖမ်းမိ

SSPP နှင့် စစ်ကောင်စီတပ်တို့အကြား ဖြစ်ပွားသည့် တိုက်ပွဲတွင် နှစ်ဘက်ကျဆုံးသူရှိပြီး စစ်ကောင်စီတပ်သား နှစ်ဦးကို အရှင်ဖမ်းမိ

ရှမ်းပြည်နယ်တောင်ပိုင်း လဲချားမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)နှင့် စစ်ကောင်စီတို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ နှစ်ဘက်ကျဆုံးမှုရှိနေပြီး စစ်ကောင်စီ တပ်သား(၂)ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း SSPPထံမှသိရသည်။

ယမန်နေ့  ၂၀၂၃ခုနှစ် ဩဂုတ်လ (၆)ရက်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း SSPP/SSA ဘက်မှ ရဲဘော်တစ်ဦးကျဆုံးပြီး စစ်ကောင်စီတပ်ဘက်က (၁၅)ဦးထက်မနည်း သေကာ (၂)ဦးကို အရှင်ဖမ်းဆီးရမိခဲ့သည့်အပြင် စစ်သုံးယာဉ်တစ်စီးကိုပါ သိမ်းဆည်းနိုင်ခဲ့သည်ဟု ဆိုသည်။

 

နှစ်ဖက်တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီသည် ပင်လုံ-လဲချား-မိုင်းနောင်နှင့် လဲချားမြို့နယ် အတွင်းရှိ နမ့်တိန်းတံတား အဝင်၊အထွက် သွားလာခွင့်များကို ပိတ်ပင်ထားပြီး နှစ်ဖက်အကြား စစ်ရေးတင်းမာနေဆဲဖြစ်ကြောင်း သိရသည်။

တိုက်ပွဲကြောင့် လဲချားမြို့နယ် ဟိုင်းဆိုင်အုပ်စု တိုက်ပွဲနှင့်နီးသည့် နောင်ကျန်ကျေးရွာ၊ နမ့်ပေါက်ကျေးရွာ၊ နမ့်လုတ်းကျေးရွာများရှိ ဒေသခံများ ဟိုင်းဆိုင်ကျေးရွာဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး မတ်လန်းကျေးရွာမှ ဒေသခံများမှာ လဲချားမြို့ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သိရသည်။

ယခုအချိန်ထိ ၎င်းဒေသအတွင်းမှာ နှစ်ဖက်စစ်ရေးတင်းမာနေပြီး တိုက်ပွဲထပ်ဖြစ်နိုင်ကြောင်း SSPPက သတင်းထုတ်ပြန်ထားသည်။ 

လဲချားမြို့နယ်ရှိ SSPP/SSA တပ်စခန်းကို ပြီးခဲ့သည့် သြဂုတ်လ (၄)ရက်နေ့နှင့် (၅)ရက်နေ့တို့တွင် စစ်ကောင်စီဘက်မှ မန်ကျန်ရွာမှနေပြီး လက်နက်ကြီးများနှင့် (၁၀)ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့ပြီးနောက် တိုက်ပွဲများ ဖြစ်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

ယမန်နေ့က ဟိုင်းဆိုင်အုပ်စု ခိုင်းဖက်နမ်၊ နမ့်ပေါက်ကျေးရွာအနီးရှိ SSPP/SSA၏ တပ်စခန်းကို အာဏာသိမ်းစစ်ကောင်စီဘက်က အင်အား(၇၀)ဝန်းကျင်ဖြင့် စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာက နှစ်ဖက်တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခြင်းဖြစ်သည်။ 

 

ထို့နောက် SSPP/SSAဘက်မှ လဲချားမြို့နယ် မန်ဆေအုပ်စု မက်လန်းရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ် ခမရ (၅၇၃)ကို  ပြန်လည်တိုက်ခိုက်ခဲ့သည့်အတွက် တိုက်ပွဲဖြစ်ပွားခဲ့သည်။ 

အာဏာသိမ်းစစ်ကောင်စီသည် လဲချားမြို့နယ်အတွင်းရှိ SSPP/SSA၏ တပ်စခန်း (၁၀)နေရာကို  အကြိမ်ကြိမ် ဆုတ်ခွာခိုင်းခဲ့ဖူးပြီး SSPP/SSA အနေဖြင့်လည်း ဌာနချုပ်လုံခြုံရေးကြောင့်ဟုဆိုကာ မည်သည့်အကြောင်းပြချက်နှင့်မှ တပ်ပြန်လည်မဆုတ်ပေးနိုင်ကြောင်း အကြောင်းပြန်ခဲ့သေးသည်။

#TachileikNewsAgency

Photo : စစ်ကောင်စီတပ်ဘက်က လမ်းပိတ်ထားပုံ