စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ သမီးထုတ်လုပ်သည့် အချိန်လွန်မိုး ဇာတ်ကားကို Boycott လုပ်ရန် တော်လှန်ရေးအဖွဲ့များတိုက်တွန်း

စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ သမီးထုတ်လုပ်သည့် အချိန်လွန်မိုး ဇာတ်ကားကို Boycott လုပ်ရန် တော်လှန်ရေးအဖွဲ့များတိုက်တွန်း
စက်တင်ဘာ 17, 2023 | 2021 Military Coup| အခြားဒေသများ

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ သမီးဖြစ်သူပိုင်ဆိုင်သည့် 7 Sense ရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူးရုံတင်ပြသမည့် "အချိန်လွန်မိုး"ဇာတ်ကားကို လူမှုရေးပြစ်ဒဏ်(Boycott) ပြုလုပ်ကြရန် တော်လှန်ရေးအင်အားစုများက တောင်းဆိုထားသည်။

စစ်ခေါင်းဆောင်၏သမီး ခင်သီရိသက်မွန် ပိုင်ဆိုင်သည့် 7 Sense ထုတ်လုပ်ရေးက ရိုက်ကူးထားသည့်  “အချိန်လွန်မိုး” ဇာတ်ကားကို လာမည့် ၂၀၂၃ခုနှစ် စက်တင်ဘာလ (၂၂)ရက်တွင် SM Winner ထုတ်လုပ်ရေးအမည်ဖြင့် ရုံတင်ပြသရန် စီစဉ်နေသဖြင့် ပြည်သူလူထုအနေဖြင့် သွားရောက်ကြည့်ရှုခြင်းမပြုကြဘဲ Boycott လုပ်ကြရန် တိုက်တွန်းနှိုးဆော်ထားသည်။ 

“အကြမ်းဖက်စစ်အုပ်စုက နိုင်ငံရဲ့စီပွါးရေးကို လက်ဝါးကြီးအုပ်ပြီး ကိုယ်ကျိုးစီးပွါးရှာကြတယ်။ ဒီလုပ်ငန်းတွေက ရတဲ့ငွေတွေနဲ့ ပြည်သူကို သတ်ဖြတ်ဖို့ ကျည်ဆံ၊ လက်နက်ကြီး၊ လက်နက်ငယ်အပြင် ရွာတွေကိုဗုံးကြဲဖို့ လေယာဉ်ဆီအပါအဝင် စစ်ဘက်ဆိုင်ရာပစ္စည်းတွေကို ဒီ Boycott လုပ်ရမဲ့ လုပ်ငန်းကရတဲ့ ငွေများနဲ့ဝယ်ယူပြီး ပြည်သူကို ပြန်သတ်နေတာပါ။”ဟု စမ်းချောင်းပင်မသပိတ်စစ်ကြောင်း ဥက္ကဌ ကိုပီတာက Tachileik News Agencyကိုပြောသည်။

ပြည်သူများအနေဖြင့် "အချိန်လွန်မိုး" ဇာတ်ကားကို လုံးဝသွားရောက်ကြည့်ရှုခြင်းမပြုလုပ်ဘဲ Boycottလုပ်ကြရန်နှင့် စစ်တပ်၏ ထုတ်ကုန်များနှင့် စစ်တပ်နှင့် ပတ်သက်သော ထုတ်ကုန်များကို ဝယ်ယူသုံးစွဲခြင်းမပြုဘဲ Boycott လုပ်ကာ တော်လှန်ရေး၏ အရေးကြီးသည့် အစိတ်အပိုင်းအနေဖြင့် ပါဝင်ပေးကြရန်လည်း စမ်းချောင်း ပင်မသပိတ်စစ်ကြောင်းက မေတ္တာရပ်ခံထားသည်။

“စစ်အုပ်စုက ဒီဖျော်ဖြေရေးလုပ်ငန်းကို ဝင်ငွေတစ်ခုအနေနဲ့ သာမက ပြည်သူများကို တော်လှန်ရေးကနေ အာရုံပြောင်းအောင်လုပ်ဖို့ ရည်ရွယ်ထားပါတယ်။ ဒါ့အပြင် ဒီပွဲကိုလာကြည့်တဲ့ ပြည်သူများရဲ့ ဓာတ်ပုံကိုသုံးပြီး တိုင်းပြည်ကို သူတို့ငြိမ်းချမ်းနေပြီ၊ သူတို့ထိန်းချုပ်ထားနိုင်ကြောင်းကို လိမ်ညာဝါဒဖြန့်ဖို့ စစ်ခွေးလော်ဘီများက အသင့်စောင့်နေကြပါတယ်။ သူတို့ Boycott လုပ်ခံရမှာကြောက်လို့ "အချိန်လွန်မိုး" ဇာတ်ကားကိုလည်း SM Winner အမည်နဲ့ ထုတ်လုပ်ရေးနာမည်ပြောင်းကာ ပြည်သူကို လိမ်ဖို့ကြိုးစားခြင်းလည်းဖြစ်ပါတယ်။”ဟု ကိုပီတာက ဆက်ပြောသည်။

အဆိုပါ "အချိန်လွန်မိုး" ဇာတ်ကား၏ အထူးပွဲကို လာမည့် စက်တင်ဘာလ (၁၉)ရက်နေ့ ညနေပိုင်းတွင် သမ္မတရုပ်ရှင်ရုံ၌ ပြုလုပ်မည်ဖြစ်ပြီး ဇာတ်ကားကို ဒါရိုက်တာ နေဟိန်းကရိုက်ကူးပြီး နေတိုး၊ အောင်မင်းခန့်၊ မိုးဟေကို၊ ခြူးလေး၊ ရဲအောင်၊ သွန်းမြတ်ကြယ်စင်၊ မိကြယ်စင်ကျော်ကျော်၊ ကေညီနှင့် သူဇာပွင့် တို့က ပါဝင်သရုပ်ဆောင်ထားသည်။

အာဏာသိမ်းစစ်ခေါင်ဆောင်၏သမီး ခင်သီရိသက်မွန်နှင့် ၎င်း၏မိတ်ဆွေများပိုင်ဆိုင်သော 7 Sense ရုပ်ရှင်ထုတ်လုပ်ရေးက “စတုတ္ထမြောက်သွေးကြောမျှင်”ရုပ်ရှင်ကို ဆုံမှတ်ထုတ်လုပ်ရေးအမည်ဖြင့် ပြောင်းလဲထုတ်လုပ်ခဲ့ပြီးနောက် “အချိန်လွန်မိုး”ကိုလည်း SM Winner  ထုတ်လုပ်ရေးအမည်ဖြင့် အမည်ပြောင်း ထုတ်လုပ်လာခြင်းဖြစ်သည်။

#TachileikNewsAgency