ကသာမြို့အထက်ပိုင်း မိုးတားကြီးကျေးရွာအုပ်စုကို အာဏာသိမ်းစစ်တပ်က ဗုံးကြဲတိုက်ခိုက်နေ

ကသာမြို့အထက်ပိုင်း မိုးတားကြီးကျေးရွာအုပ်စုကို အာဏာသိမ်းစစ်တပ်က ဗုံးကြဲတိုက်ခိုက်နေ
ဇန်နဝါရီ 12, 2022 | အခြားဒေသများ

 စစ်ကိုင်းတိုင်း၊ ကသာမြို့အထက်ပိုင်း မိုးတားကြီးရွာအုပ်စုကို အကြမ်းဖက်စစ်ကောင်စီမှ ဂျက်လေယာဥ် (၃)စီးဖြင့် ယနေ့ ဇန်နဝါရီလ(၁၂)နေ့ နေ့လည်ပိုင်းက ဗုံးကြဲတိုက်ခိုက်သဖြင့် ပြည်သူများထိခိုက်ကာ အဆောက်အဦးများ ပျက်ဆီးခဲ့ကြောင်း မြို့လှ PDF က သတင်းထုတ်ပြန်ထားသည်ကို တွေ့ရသည်။ 

အကြမ်းဖက်စစ်ကောင်စီမှ ဇန်နဝါရီ (၁၂)ရက်၊ နေ့လည်(၁)နာရီဝန်းကျင်က ဂျက်လေယာဥ် (၃)စီးဖြင့် ကသာမြို့၏ အထက်ဖက် မိုးတားကြီးရွာနှင့် အနီးပါတ်ဝန်းကျင် တလျှောက် ဗုံးကြဲခဲ့ခြင်း ဖြစ်သည်။

 မိုးတားကြီးရွာ စျေးတန်း၊ ၎င်းရွာအနီး ကချင်စု နှင့် ဗျူဟာရောင်ခြည် ဘုန်းကြီးကျောင်းအနီး အပါအဝင် (၃)နေရာ ဗုံးကြဲခံခဲ့ရကြောင်း သိရသည်။

 ဂျက်ဖိုက်တာ လေယာဥ် (၃) စီးဖြင့် (၁၂)လုံး ကြဲချခဲ့ပြီး မိုးတားကြီးရွာတွင် အိမ် (၅)လုံးနှင့် ဓမ္မာရုံတစ်ခု၊ ကချင်စု၌ လူနေအိမ် (၁)လုံး  မီးလောင်ပျက်စီးခဲ့ရကြောင်း သိရသည်။

ဗုံးကြဲမှုကြောင့် ကလေးငယ် (၂)ဦး အပါအဝင် စုစုပေါင်း အပြစ်မဲ့ဒေသခံ (၅)ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး သေဆုံးသူ ဦးရေရှိ မရှိ ဆက်လက်ရှာဖွေနေကြောင်း သိရသည်။