ကမမောင်းမြို့နယ် ထွေအုပ်ရုံး ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခံရကာ သေဆုံးသူရှိ

ကမမောင်းမြို့နယ် ထွေအုပ်ရုံး ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခံရကာ သေဆုံးသူရှိ
စက်တင်ဘာ 7, 2023 | 2021 Military Coup| အခြားဒေသများ

ကရင်ပြည်နယ်၊ ကမမောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ယနေ့ ၂၀၂၃ခုနှစ် စက်တင်ဘာလ (၇)ရက်နေ့ နံနက်ပိုင်းက ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခံခဲ့ရပြီး ထိခိုက်သေဆုံးသူရှိကြောင်း သိရသည်။

ကမမောင်းမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ စစ်ကောင်စီ၏ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် အစည်းအဝေးပြုလုပ်နေစဉ် ဒရုန်းဖြင့် ဗုံးသီး(၃)လုံးချ တိုက်ခိုက်ခံရခြင်းဖြစ်ပြီး ရုံး၏ အရှေ့မျက်နှာစာသို့ တစ်လုံး၊ အလံတိုင်ရှေ့သို့ တစ်လုံးနှင့် ရုံးအနီးသို့ တစ်လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

အဆိုပါ ပေါက်ကွဲမူကြောင့် စစ်ကောင်စီခန့် အမှတ်(၄)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုးမင်း နေရာတွင်ပင် ထိမှန်သေဆုံးသွားခဲ့ကြောင်း စစ်ကောင်စီတပ် ထောက်ခံသူများက ရေးသားထားကြပြီး ထိခိုက်သေဆုံးသူ အရေအတွက်ကိုမူ Tachileik News Agency အနေဖြင့် ထပ်မံစုံစမ်းနေဆဲဖြစ်သည်။ 

ပြီးခဲ့သည့် စက်တင်ဘာလ (၄)ရက်နေ့ကလည်း ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ မြဝတီခရိုင် အထွေထွေအုပ်ချုပ်ရေးရုံး ဒရုန်းနှင့် ဗုံးချတိုက်ခိုက်ခံရမှုတွင် သေဆုံးသူ(၅)ဦးရှိပြီး (၁၀)ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

သေဆုံးသူများထဲတွင် ဒုတိယဗိုလ်မှူးကြီး တစ်ဦး၊ မြ၀တီခရိုင်အုပ်ချုပ်ရေးမှူး၊ ရဲအုပ်တစ်ဦးနှင့် ထွေအုပ် ဝန်ထမ်း(၂)ဦးတို့ ပါဝင်သည်ဟု သိရသည်။

#TachileikNewsAgency