ဝေါမြို့တွင် အာဏာသိမ်းစစ်တပ် ထောက်ခံပွဲသို့ လိုက်သူများကို ခေါက်ဆွဲကြော်ကျွေးကာ ကျပ်နှစ်သောင်းပေး

ဝေါမြို့တွင် အာဏာသိမ်းစစ်တပ် ထောက်ခံပွဲသို့ လိုက်သူများကို ခေါက်ဆွဲကြော်ကျွေးကာ ကျပ်နှစ်သောင်းပေး
ဖေဖော်ဝါရီ 1, 2022 | အခြားဒေသများ

ပဲခူးတိုင်း၊ ဝေါမြို့တွင် အာဏာသိမ်းစစ်ကောင်စီ၏တပ် ထောက်ခံပွဲပြုလုပ်ရန် မလိုက်ပါက ကျူးကျော်နေအိမ်များအား ဖျက်မည်ဟု ခြိမ်းခြောက်ပြီး တစ်အိမ်တစ်ယောက် မလိုက်မနေရ ခေါ်ယူကာ ခေါက်ဆွဲကြော်ကျွေး၊ ကျပ်နှစ်သောင်းပေး၍ တပ်ထောက်ခံပွဲကို ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် ပြုလုပ်ကြသည်။

အာဏာသိမ်းစစ်ကောင်စီတပ်အား ထောက်ခံကြောင်းပြသရန်အတွက် USDP ပါတီဝင်များနှင့် ပျူစောထီးများကဦး‌ဆောင်ကာ ကျူးကျော်များတွင် နေထိုင်သောသူများအား တစ်အိမ်တစ်ယောက် မဖြစ်မနေလိုက်ပါရန်နှင့် မလိုက်ပါက အိမ်ဖျက်မည်၊ နှင်လွှတ်မည်ဟုခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။

"လိုက်ပါသူ‌တွေကို ခေါက်ဆွဲကြော်ကြွေးတယ်။ ငွေ (၂၀,၀၀၀)စီ ပေးတယ်။"ဟု တပ်ထောက်ခံပွဲကို လိုက်ပါသူအချို့က Tachileik News Agency သို့ ပြောသည်။

ယင်းထောက်ခံပွဲကို နံနက်(၇)နာရီမှ (၁၀)နာရီအထိ ကျုံတူဂိတ်မှ ပန်းခြံအထိ လမ်းလျှောက်ခဲ့ကြပြီး စစ်ကားများဖြင့် အကြို၊ အပို့လုပ်ပေးသည့်အပြင် အာဏာသိမ်းစစ်ကောင်စီတပ်ကပါ လုံခြုံရေးယူပေးခဲ့ကြောင်း သိရသည်။

ယနေ့ဖေဖော်ဝါရီလ(၁) ရက်နေ့တွင် စစ်အာဏာသိမ်းခြင်း(၁)နှစ်ပြည့်အဖြစ် အာဏာာသိမ်းကတည်းက နေ့စဉ်မပျက် စစ်အာဏာရှင်ကို တော်လှန်နေကြသည့် ပြည်သူများက အသံတိတ်သပိတ်ပြုလုပ်နေကြချိန်တွင် အာဏာသိမ်းအဖွဲ့က ၎င်းတို့အား ထောက်ခံပွဲများကို ကိုယ်တိုင်စီစဉ်လုပ်ဆောင်နေကြခြင်းဖြစ်သည်။