ရန်ကုန်မြို့တွင် အသက် ၂၄ နှစ်မှ ၃၀ နှစ်အတွင်း လူငယ်များကို စစ်မှုထမ်းရန် စစ်ကောင်စီက ဦးစားပေးစာရင်းကောက်ယူနေ

ရန်ကုန်မြို့တွင် အသက် ၂၄ နှစ်မှ ၃၀ နှစ်အတွင်း လူငယ်များကို စစ်မှုထမ်းရန် စစ်ကောင်စီက ဦးစားပေးစာရင်းကောက်ယူနေ

ရန်ကုန်တိုင်းအတွင်းရှိ အသက်(၂၄)နှစ်မှ (၃၀)နှစ်အတွင်းရှိ လူငယ်များကို စစ်ကောင်စီတပ်က စစ်မှုထမ်းရန် စာရင်းစတင်ကောက်ယူနေပြီး ကိုယ်ရေးအချက်အလက်များ ပေးပို့နေပြီဖြစ်ကြောင်း ရန်ကုန်မြို့အတွင်းရှိ လူငယ်များထံမှ သိရသည်။

စစ်ကောင်စီက အသက်(၁၈)နှစ်ပြည့်ပြီး (၃၅)နှစ်မပြည့်သေးသော လူဦးရေစာရင်းအား လိပ်စာပြည့်စုံမှန်ကန်မှုရှိစေရန် မြို့နယ်မှူးများက ထွေအုပ်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့များနှင့်ပူးပေါင်းလုပ်ဆောင်နေပြီး ရပ်ကွက်ရုံးရှိ စာရင်းများနှင့် တိုက်စစ်ကာ လက်လံကောက်ယူနေခြင်းဖြစ်ကြောင်း သိရသည်။

“ဒဂုံဆိပ်ကမ်းမှာတော့ အိမ်အထိလာကောက်တယ်။ ကျွန်တော်က ၂၀၀၂ ခုနှစ်မွေးတာဆိုတော့ ငယ်သေးတယ်လို့ ပြောသွားတယ်။ အခုကောက်နေတာက (၂၄)နှစ်ကနေ (၃၀)နှစ်အတွင်းလို့ပြောသွားတယ်။ ပြီးတော့လည်း မင်းကံကောင်းသွားတယ်ဆိုပြီးပြောသွားတာ။ ငယ်ရင်မခေါ်သေးဘူးတဲ့။ စာရင်းကသူတို့ဆီမှာရှိပြီးသားတဲ့။ လိုက်အော်နေတာတော့မဟုတ်ဘူး။”ဟု ဒေသခံလူငယ်တစ်ဦးက Tachileik News Agency ကို ပြောသည်။

စစ်ကောင်စီသည် အသက်(၁၈)နှစ်ပြည့်ပြီး (၃၅)နှစ်မပြည့်သေးသူများ၏ လူဦးရေစာရင်း အချိန်မီပြုစုပေးပို့နိုင်ရန် မြို့နယ်ဆင့်ခေါ်ရေးအဖွဲ့များတွင် မြို့နယ်မှူးများသည် ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် တိုက်ဆိုင်စစ်ဆေး၍ အမှန်ရနိုင်သည့်လိပ်စာကို အသုံးပြုရန် ညွှန်ကြားထားသည်။

“ဒဂုံဆိပ်ကမ်းဘက်မှာတော့ ပုံစံ(၆၆)ရှိတဲ့သူတွေ အရင်ဆုံးကောက်မယ်လို့ ပြောတယ်။”ဟု ဒဂုံဆိပ်ကမ်းမှ ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

လူငယ်များထံပေးပို့သည့် စာရွက်တွင် အမှတ်စဉ်ဖြင့် (၂၄)ချက်အထိ ဖြည့်သွင်းရန်ပါဝင်လာပြီး နေရပ်လိပ်စာ၊ ပြည်ပသို့ရောက်ရှိနေပါက သွားရောက်နေသည့် နိုင်ငံ၊ နိုင်ငံကူးလက်မှတ်၊ ကျန်းမာရေး၊ နိုင်ငံရေးပါတီများတွင် ဝင်ရောက်ထားခြင်း ရှိ၊ မရှိ၊ ပြစ်မှုကျခံနေရခြင်း ရှိ၊ မရှိစသည့်အချက်များကို ဖြည့်သွင်းရမည်ဖြစ်ကြောင်း သိရသည်။

“လှိုင်မှာတော့ ကောက်နေပြီ။ ကျွန်တော်တို့ရပ်ကွက်ထဲတော့ မရောက်သေးဘူး။”ဟုလည်း လှိုင်မြို့နယ်မှ လူငယ်တစ်ဦးက Tachileik News Agency ကိုပြောသည်။

စစ်ရှုံးနေသည့် စစ်ကောင်စီသည် ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်နေ့က ကြေညာခဲ့ပြီးနောက် စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုနှင့် တိုင်းနှင့် ပြည်နယ်အဆင့်အဖွဲ့များကို ဖွဲ့စည်းခဲ့သည်။ 

မြန်မာနိုင်ငံအတွင်း စစ်မှုထမ်းရန် အကျုံးဝင်သူ (၁၄)သန်းရှိသည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားပြီး အပတ်စဉ်တစ်ခုလျှင် လူ(၅၀၀၀)နှုန်းဖြင့် လာမည့်ဧပြီလကစတင်ကာ ဆင့်ခေါ်မည်ဖြစ်ကာ လက်ရှိတွင် အမျိုးသမီးများ မပါဝင်သေးဟု ဆိုထားသည်။ 

စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေတွင် (၅)နှစ်ကြာ စစ်မှုထမ်းရမည်ဖြစ်ပြီး ငြင်းဆိုပါက ထောင်ဒဏ် (၅)နှစ်အထိ ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားကာ သင်္ကြန်အပြီးတွင် စစ်မှုထမ်းရမည့်ကိစ္စကို လုပ်ဆောင်တော့မည်ဟုလည်း သိရသည်။

#TachileikNewsAgency