တောင်ခင်ရန်းကျေးရွာမှ ဒေသခံများ ပျူစောထီးထဲဝင်ရန် ဖိအားပေးခံရသဖြင့် ‌ရွာလုံးကျွတ်နီးပါး တိမ်းရှောင်ရ

တောင်ခင်ရန်းကျေးရွာမှ ဒေသခံများ ပျူစောထီးထဲဝင်ရန် ဖိအားပေးခံရသဖြင့် ‌ရွာလုံးကျွတ်နီးပါး တိမ်းရှောင်ရ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ တောင်ခင်ရန်းကျေးရွာမှ ဒေသခံများ ပျူစောထီးထဲဝင်ရန် စစ်ကောင်စီတပ်က ဖိအားပေးသဖြင့် ‌ရွာလုံးကျွတ်နီးပါး တိမ်းရှောင်နေရကြောင်း သိရသည်။

၂၀၂၃ခုနှစ်၊ မေလ(၂၅)ရက်နေ့၊ ညပိုင်းတွင် တောင်ခင်ရန်း ရဲစခန်းကို ABSDF အမှတ် (၁၂ ) တပ်ရင်း၊ ယောဒေသစခန်းမှ ရဲဘော်များ၊ ဒေသခံ PDF များ ၊ ပ.က.ဖ များ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်ဘက်က မေလ (၂၈)ရက်နေ့တွင် အဆိုပါကျေးရွာရှိ အရပ်သားများကို ပျူစောထီးထဲဝင်ရန် ဖိအားပေးလာခြင်းဖြစ်ကြောင်း သိရသည်။

"တောင်ခင်ရန်း ရဲစခန်းမှူးက ဦးဆောင်ပြီး ပျူစောထီးလုပ်ဖို့ တစ်အိမ်တယောက် မတက်မနေရ အစည်းဝေး ခေါ်တယ်ဗျ။ အဓိက သူတို့ရဲစခန်းကို (၂၅)ရက်နေ့နဲ့ (၂၆)ရက်နေ့မှာ ABSDF နဲ့ ပကဖ တွေ ၊ PDF တွေက တိုက်ခိုက်တဲ့ အတွက် လုံခြုံရေး အကြောင်းပြပြီး ရွာသားတွေကို ပျူစောထီး လုပ်ခိုင်းတာပါ။"ဟု တောင်ခင်ရန်းရွာမှ ဒေသခံတစ်ဦးက Tachileik News Agencyကို ယနေ့ ဇွန်လ(၃)ရက်နေ့တွင်ပြောသည်။

‌တိမ်းရှောင်လာသည့် ဒေသခံထောင်ချီရှိပြီး ABSDF နှင့် ပူးပေါင်းတပ်ဖွဲ့များက စုပေါင်း၍ ၎င်းတို့အတွက် ယာယီတဲများကို ဆောက်လုပ်ပေးနေရသည်ဟု သိရသည်။

"အဓိက သူတို့မှာ (၂)ရက်တာတိုက်ပွဲမှာ ထိခိုက်မှု ဆယ်ဦးကျော်ရှိနေတော့ အင်အားမလုံလောက်တော့ဘူးလေ။ အဲ့ဒီတော့ ရွာသားတွေကို အတင်း ပျူစောထီးထဲ အတင်းဝင်ခိုင်းနေတယ်လို့ဘဲ ထင်ပါတယ်။"ဟု ABSDF Column(၃)က တာဝန်ရှိသူတစိဦးက Tachileik News Agency ကို ဇွန်လ(၃)ရက်နေ့တွင်ပြောသည်။

၎င်းရွာနှင့် (၅)မိုင်ကျော်ဝေးသည့်နေရာတွင် ပျူစောထီး အမာခံကျေးရွာများရှိနေပြီး မြောက်ခင်ရန်းနှင့် တောင်ခင်ရန်းရွာကို အမြဲဝင်ထွက်သွားလာနေကြခြင်းကြောင့် ဒေသကာကွယ်ရေးတပ်များနှင့် မကြာခဏတိုက်ပွဲဖြစ်ပွားကြောင်း သိရသည်။

#TachileikNewsAgency

Photo - ABSDF Column-3